စစ်ကောင်စီနဲ့ မြောက်ပိုင်းသုံးဖွဲ့ ကူမင်းမှာ ဆွေးနွေးပွဲထပ်လုပ်

RFA Burmese
2024.03.04
စစ်ကောင်စီနဲ့ မြောက်ပိုင်းသုံးဖွဲ့ ကူမင်းမှာ ဆွေးနွေးပွဲထပ်လုပ် စစ်ကောင်စီ ကိုယ်စားလှယ်များနှင့် MNDAA၊ TNLA၊ AA ကိုယ်စားလှယ်အဖွဲ့ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းလားမြို့တွင် ၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့စဉ်။
Myanmar Military

Updated 3:22 PM Mar 4, 2024

စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ထပ်မံဆွေးနွေးခဲ့ကြောင်း မြောက်ပိုင်းညီနောင်သုံးဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် AA ရဲ့ ဒုစစ်ဦးချုပ် ဒေါက်တာညိုထွန်းအောင်က မတ်လ ၄ ရက် အွန်လိုင်းကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုပြောဆိုပါတယ်။

တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ်တွေပြန်ဖွင့်ရေးကိစ္စ အပါအဝင် အချက်အလက်အချို့ကို ဆွေးနွေးခဲ့တာလို့ ဒေါက်တာညိုထွန်းအောင်က ပြောပါတယ်။

"ကျွန်တော်တို့ အခု အစည်းအဝေးတိုင်းက ဟိုင်ဂင်ရဲ့ အရင်သဘောတူညီချက်တွေကို ဆက်ဆွေး‌နွေးတာပါ။ အပစ်အခတ်ရပ်စဲရေး ပိုခိုင်မာဖို့အတွက် ဆက်လုပ်နေပါတယ်။ တရုတ်-မြန်မာနယ်စပ်ကိစ္စရယ်၊ ကျားဖြန့်လုပ်ငန်းတွေမရှိဖို့ရယ်၊ နယ်စပ်ဒေသထွက်ပေါက်တွေ ဘယ်လိုပုံစံမျိုး ပြန်ဖွင့်မလဲ၊ အဲလိုအချက်အလက်တွေ (ဆွေးနွေးတဲ့အထဲမှာ) ပါပါတယ်"

ဆွေးနွေပွဲမှာ ရှမ်းပြည်နယ်မြောက်ပိုင်း အပစ်ရပ်ရေးကိစ္စကို အဓိကဆွေးနွေးခဲ့ပြီး ရခိုင်ပြည်နယ်အတွင်းက အခြေအနေတော့ အပစ်ရပ်တဲ့အထဲ မပါသေးဘူးလို့ ဒေါက်တာညိုထွန်းအောင်က ပြောပါတယ်။

ဆွေးနွေးပွဲအခြေအနေ အသေးစိတ်ကို ထပ်မံသိရှိနိုင်ဖို့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ထဲက ရှမ်းပြည်နယ်အခြေစိုက် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ကိုးကန့် MNDAA တပ်ဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူတွေကို RFA က မတ်လ ၃ ရက်နဲ့ ၄ ရက် နှစ်ရက်လုံး ဖုန်းနဲ့ရော၊ အင်တာနက်အွန်လိုင်းကပါ ဆက်သွယ်မေးမြန်းထားပေမယ့် အကြောင်းမပြန်ပါဘူး။

အဲဒီတပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ လုံခြုံရေးအရအမည်မဖော်လိုသူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်တစ်ဦးကတော့ ကူမင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၉ ရက်ကနေ မတ်လ ၁ ရက်နေ့အထိ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ နှစ်ရက်ကြာ ပြုလုပ်ခဲ့တယ်လို့ RFA ကို ပြောပါတယ်။ ‌ဘာတွေဆွေးနွေးခဲ့သလဲ၊ ဘာတွေ ထပ်မံသဘောတူခဲ့သလဲဆိုတဲ့ အသေးစိတ်အချက်တွေကိုတော့ သူက ထုတ်မပြောပါဘူး။

ဒီတစ်ကြိမ် ဆွေးနွေးပွဲအတွင်း စစ်ကောင်စီဘက်က ကိုးကန့်ဒေသကို MNDAA ကိုးကန့်တပ်ဖွဲ့ကိုယ်တိုင် စီမံခန့်ခွဲခွင့် ပေးလိုက်ပြီး တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားထိခိုက်မှုမှန်သမျှကို ရှောင်ရှားဖို့နဲ့ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ပြည်တွင်းမီဒီယာတချို့က ရေးသားဖော်ပြပါတယ်။

ဒီအချက်တွေနဲ့ ပတ်သက်ပြီး RFA လတ်တလော သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ဒီဆွေးနွေးချက်တွေ မှန်၊ မမှန် အတိအကျသိနိုင်ဖို့အတွက် စစ်ကောင်စီအဖွဲ့ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

စစ်တပ်အရာရှိဟောင်းတစ်ဦးဖြစ်တဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးကတော့ လက်ရှိ အပစ်ရပ်ဆွေးနွေးမှုတွေဟာ တရုတ်ရဲ့ ဖိအားကြောင့်သာဖြစ်ပြီး နှစ်ဖက်စလုံးက ကျေနပ်တဲ့အခြေအနေ မဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။

“တရုတ်က လတ်တလော အပစ်ရပ်အောင် လုပ်ပေးထားတာ။ ဆွေးနွေးတဲ့အချက်တွေက လွှတ်တော်ကနေ ဆောင်ရွက်ရမှာ ရှိတယ်။ အခုလွှတ်တော်မရှိဘဲ ဘယ်လို အတည်ပြုမလဲ။ နှစ်ဖက်လုံးက ကျေနပ်နေတဲ့ အခြေအနေမှ မဟုတ်ဘဲ”

တရုတ်နိုင်ငံ ယူနန်ပြည်နယ်အခြေစိုက် မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကတော့ အခုဆွေးနွေးပွဲဟာ ပထမတစ်ကြိမ်တုန်းက ရရှိခဲ့တဲ့ ဆွေးနွေးပွဲရလဒ်တွေအပေါ်မှာ ထပ်လောင်းဆွေးနွေးတာသာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး သုံးလနီးပါးအကြာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့တို့ကြား ယာယီအပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့ကြတာပါ။

ဒီလိုရပ်စဲဖို့ တတိယအကြိမ် ဆွေးနွေးပွဲကနေ သဘောတူခဲ့တာဖြစ်ပြီး ဒီအဆင့်ရောက်လာဖို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းမှာ နှစ်ကြိမ် ဆွေးနွေးခဲ့ရပါတယ်။ အခု ၂၀၂၄ ခုနှစ် မတ်လဆန်းမှာ ဆွေးနွေးမှုဟာ လေးကြိမ်မြောက် ဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း မြောက်ပိုင်းညီနောင်သုံးဖွဲ့ဘက်က တရုတ်နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မူဆယ်နဲ့ ချင်းရွှေဟော် အပါအဝင် မြို့ပေါင်း ၁၆ မြို့ကို သိမ်းယူထားပါတယ်။

(မှတ်ချက် - ကူမင်းမြို့ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး နိုင်ငံရေးသုံးသပ်သူတချို့၏ အမြင်သဘောထားများကို ဖြည့်စွက်ထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။