ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ပန်ကူကျေးရွာအုပ်စု လွယ်ကန်ရွာအနီးမှာ ဇွန်လ ၁၅ ရက် မနေ့ နေ့လယ်ပိုင်းကစပြီး စစ်ကောင်စီတပ်တွေက တစ်ဖက် တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA နဲ့ ကိုးကန့် MNDAA တပ်နှစ်ခု ပူးပေါင်းထားတဲ့ တပ်ဖွဲ့တွေက တစ်ဖက် တိုက်ပွဲဖြစ်နေလို့ လွယ်ကန်ရွာသားတွေ ရွာလုံးကျွတ် ထွက်ပြေးနေရပါတယ်။
ဒီနေ့မနက်မှာ စစ်ကောင်စီတပ်တွေက အိမ်ခြေလေးဆယ်ကျော်ရှိတဲ့ လွယ်ကန်ရွာထဲကို ဝင်လာပြီး ရွာထဲ ကနေ လက်နက်ကြီးတွေနဲ့ ပစ်နေတာကြောင့် ဗုံးခိုကျင်းထဲမှာခိုနေရတဲ့ လွယ်ကန်ရွာသား အားလုံး နီးပါး ဟာလည်း အနီးနားရွာ ပန်ကူကျေးရွာ ဘုန်းကြီးကျောင်းကို ထွက်ပြေး ခိုလှုံနေရတယ်လို့ ပန်ကူရွာက လွေးအေးဦးက RFA ကိုပြောပါတယ်။
ဒီကနေ့ နေ့လယ်ပိုင်းအထိ ပန်ကူကျေးရွာဘုန်းကြီးကျောင်းကို ရောက်လာသူ တစ်ရာ့နှစ်ဆယ်ကျော် ရှိနေပြီး နောက်ထပ်လည်း ရောက်လာနိုင်တယ်လို့ ဆိုပါတယ်။
ကွတ်ခိုင်မြို့နယ် လွယ်ကန်ရွာကနေ မန်မိုင်ရွာဘက်ကိုသွားနေတဲ့ စစ်ကောင်စီ တပ်မ ၉၉၊ ခမရ ၃၁၅၊ ခမရ ၃၀၅ တပ်တွေနဲ့ TNLA နဲ့ MNDAA ပူးပေါင်းအဖွဲ့တွေ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ထားပါတယ်။
ဒီကနေ့ နေ့လယ်ပိုင်း သုံးနာရီအချိန်မှာတော့ ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ရွာအပေါ်ဘက် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ကုန်ကားသုံးစီးကို ရှေ့ဘီးတွေဖောက်ပြီး လမ်းပိတ်ရပ်ထားလို့ ခရီးသွား ကားတွေ နောက်ပြန်လှည့်နေရတယ်လို့ နမ့်ကွတ်ရွာသားတစ်ဦးက ပြောပါတယ်။ ဘယ်အဖွဲ့ရဲ့ လက်ချက် လည်းဆိုတာတော့ မသိရသေးဘူးလို့လည်း ဆိုပါတယ်။
ဒီနေ့မနက် ကိုးနာရီကျော်အချိန်ကလည်း ကွတ်ခိုင်မြို့နယ် လွိုင်ဆမ်ဆစ်တောင်ခြေအနီး ပါကျူရွာ တစ်ဝိုက် မှာ စစ်ကောင်စီတပ်တွေနဲ့ ကချင်အမျိုးသားလွတ်မြောက်ရေးတပ် KIA တို့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ကွတ်ခိုင် ဒေသခံတစ်ဦးက RFAကို ပြောပါတယ်။ KIA, MNDAA, TNLAတို့ဟာ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။
ဇွန်လ ၁၅ ရက် မနေ့ညနေပိုင်းမှာ ကွတ်ခိုင်မြို့နယ် မန်လွယ်ရွာအနီး စစ်ကောင်စီတပ်တွေက အိမ်စီးကား တစ်စီးကို တားမြစ်ရာမှာ ရပ်မပေးလို့ ပစ်ခတ်တားဆီးခဲ့ပြီး ကာပေါ်ပါတဲ့သူ လေးဦးကို စစ်ဆေးနေတာ တွေ့ခဲ့တယ်လို့ ဖြစ်စဉ်ကိုမြင်တွေ့ခဲ့သူ တစ်ဦးက ပြောပါတယ်။
ပြည်ထောင်စုလမ်းမကြီးပေါ် ကွတ်ခိုင်-နမ့်ဖတ်ကားလမ်းပိုင်းက နမ့်ကွတ်၊ နမ့်ဖတ်လွန်း၊ မန်လွယ်၊ ရှုခင်းသာ စတဲ့နေရာတွေဟာ စစ်ကောင်စီတပ်နဲ့ ရှမ်းမြောက်ဒေသမှာလှုပ်ရှားတဲ့ TNLA/ MNDAA/ KIA တပ်တွေ မကြာခဏ တိုက်ပွဲဖြစ်လေ့ရှိတဲ့ နေရာတွေဖြစ်ပါတယ်။