ရှမ်းမြောက်တိုက်ပွဲများကြား ဒဏ်ရာရအရပ်သားတချို့ ပိတ်မိ


2019.08.20
ambulance-with-white-flag-622.jpg အလံဖြူထောင်ထားတဲ့ ကရုဏာလူမှုကူညီရေးအသင်း-မူဆယ်ကားကို တွေ့ရစဉ်
Photo: Thaung Tun

ဒီနေ့ နေ့လယ်ပိုင်းက ဖားဖိန်ရွာနဲ့ ကုံးစုံရွာက ကျည်ထိမှန်ထားတဲ့ လူနာနှစ်ဦးကို ကယ်ဆယ်ဖို့ အလံဖြူထောင်ပြီး ကယ်ဆယ်ရေးသွားတဲ့ မူဆယ်မြို့က လူမှုကူညီရေးအသင်းကားတွေကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ခိုမုန်းကျေးရွာ အထွက်မှာ လမ်းဘေးဝဲယာကနေ ခြောက်လှန့်ပစ်ခတ်ခဲ့တာကြောင့် ဆက်မသွားရဲတော့ဘဲ လှည့်ပြန်ခဲ့ရတယ်လို့ မူဆယ်မြို့ ကရုဏာလူမှုကူညီရေးအသင်း တာဝန်ရှိသူက RFA ကို ပြောပါတယ်။

"လူနာနှစ်ယောက်နဲ့ နာရေးနှစ်ခုရှိတယ်ဆိုပြီးတော့ ပလောင်ယဉ်ကျေးမှုအသင်းကနေ ဆက်သွယ်အကူ အညီတောင်းတဲ့အတွက် ကားသုံးစီးနဲ့ အလံအဖြူတွေထောင်ပြီးတော့ သွားပါတယ်၊ သွားတဲ့အခါ ခိုမုန်းအထွက် ဟံကိုင်ရွာမရောက်ခင်မှာ သူတို့လမ်းပေါ်မှာ အတားအဆီးတွေ ချထားတဲ့အတွက် ကျတော်တို့ အဲနားမှာ ရပ်လိုက် ပါတယ်၊ ရပ်လိုက်တဲ့အခါမှာ သေနတ်အချက်အစိတ်လောက် သေနတ်ပစ်ဖောက်ခြောက်လှန့်တဲ့အတွက် ကျတော်တို့လည်း အဲမှာ နောက်ကို ပြန်လှည့်ပြီးတော့ ပြန်လာခဲ့ပါတယ်၊ သေနတ်က ကျတော်တို့နားနီးတယ်၊ ကျတော်တို့ရဲ့ဘေးနှစ်ဖက်က ဝါးရုံထဲကနဲ့ ကြံခင်းထဲက ပစ်ခတ်တာဖြစ်ပါတယ်၊MNDAA အဖွဲ့ဖြစ်ပါတယ်၊ သူတို့ပိတ်ဆို့ထားပြီး ပစ်ခတ်တာဖြစ်ပါတယ်၊ လူနာရှိလို့သွားတယ်ဆိုတာကို ခွင့်မပြုဘူးဆိုတော့ ကျတော်တို့မှာ အခက်အခဲရှိနေပါတယ်"

ညီနောင်မဟာမိတ်အဖွဲ့တွေက နမ့်ဖက်ကာအထွက်နဲ့ ကွတ်ခိုင်အထွက်မှာ သွားခွင့်မပေးဘဲ တားမြစ်ထားတဲ့ အတွက် နှစ်ဖက်တိုက်ပွဲအတွင်း ကျည်ဆံထိမှန်ထားတဲ့ ဖားဖိန်ရွာက လူနာတစ်ဦးနဲ့ ကုံးစုံရွာက လူနာတစ်ဦးကို ဆေးရုံပို့ဖို့ ဆောင်ရွက်ရာမှာ အခက်အခဲရှိနေတာပါ။

ဒါ့အပြင် ဒဏ်ရာအခြေအနေက ရက်ကြာကြာထားလို့မရဘဲ ကုသမှုပေးဖို့ လိုအပ်နေသလို သွေးလိုအပ်မှုတွေလည်း ရှိနေတာကြောင့် လူနာတွေကို ဒီနေ့ သွားရောက်ကယ်ထုတ်ရာမှာ ခြောက်လှန့်ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့  မူဆယ်မြို့နယ် ကရုဏာ လူမှုကူညီရေးအသင်း တာဝန်ရှိသူက RFA ကိုပြောပါတယ်။

ဒီလို ဟန့်တားတာနဲ့ပတ်သက်ပြီး ညီနောင်မဟာမိတ်အဖွဲ့ထဲက TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော် ကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း တပ်မတော်နဲ့ TNLA၊ AA၊ MNDAA ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲတွေကြောင့် မန္တလေးကနေ မူဆယ်ကိုသွားတဲ့ ခရီးသွားပြည်သူ ၄၀ လောက်ဟာ  နမ့်ဖက်လွန်း -မန်လွယ်-နမ့်ခိုင်တံတားအကြား ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ပိတ်မိနေတာ ၄ ရက်လောက်ရှိနေပြီဖြစ်ပြီး အကူအညီတွေ လိုအပ်နေတယ်လို့ မေတ္တာရှင် လူမှုကူညီရေး အသင်းက ပြောပါတယ်။

ပိတ်မိနေသူတွေကို လူမှုကူညီရေးအသင်းတွေက  ထမင်း၊ ဟင်း၊ ခေါက်ဆွဲခြောက်ထုပ်တွေ ပို့ဆောင်ပေးဖို့ အဆင့်သင့်ရှိပေမယ့်လည်း လမ်းခရီး ဖြတ်သန်းသွားလာရာမှာ အခုလို တားဆီထားတာတွေကြောင့်  အခက်အခဲတွေ ကြုံနေရတယ်လို့ လူမှုကူညီရေးအသင်းတွေက ဆိုကြပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

"အခုတိုက်ပွဲဖြစ်နေတာ မနက်ကတည်းက ဖြစ်နေတာ မပြီးသေးဘူး၊ ကွတ်ခိုင်ရဲ့တောင်ဘက် မန်ပိန်းလုံ ကျေးရွာနားလေးမှာ တပ်ကနေ လမ်းမကြီးပေါ်မှာ လုံခြုံရေးဆောင်ရွက်တယ်၊ ဒီနေ့မနက် ၉ နာရီလောက်မှာ AA၊ ဟိုဘက်က TNLA အဖွဲ့ကလမ်းဘေး  အရှေ့ဘက်မှာ နေရာယူထားတာရှိတယ်၊ အဲအဖွဲ့နဲ့ ထိတွေ့မှု ဒီနေ့မနက် ၉ နာရီလောက်မှာ စဖြစ်တယ်၊ စဖြစ်တော့ ကွတ်ခိုင်ဘက်ကလည်း ရှင်းလင်းရေးအဖွဲ့တွေ စစ်ကူပေးတဲ့အဖွဲ့တွေ လိုက်လာပြီးတော့ အခုချိန်ထိ ကြိုကြား ကြိုကြားဖြစ်နေတုန်းပဲ"

ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာအကြားလမ်းပိုင်း သိန္နီနဲ့ ကွတ်ခိုင်ကြား လမ်းပိုင်းတစ်လျှောက် တပ်မတော်နဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။

(RFA သတင်းထောက် မသက်စုအောင် ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။