၁၈ နှစ်ပြည့်သူ မဲပေးခွင့်ရရှိရေး နိုင်ငံသား မှတ်ပုံတင်ကဒ်တွေ ထုတ်ပေး

လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးခွင့်ရဖို့ နိုင်ငံသား စိစစ်ရေးကဒ်ပြားတွေ ထုတ်ပေးနိုင်အောင် ဆောင် ရွက်နေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန တာဝန်ရှိသူတွေက ပြော ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ထောက်ကြံ့မြို့နယ်မှာ ဒီနေ့ကျင်းပတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ မှာ ရန်ကုန်မြောက်ပိုင်းခရိုင် နိုင်ငံသားစိစစ်ရေး ကဒ်ပြားထုတ်ပေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးရဲရင့်ထွန်းက ပြောကြားခဲ့တာပါ။

"အိမ်ထောင်စုစာရင်း လက်ဝယ်မှာရှိပြီးတော့ ၃ဝ.၁၁.၂ဝ၁၅ မှာ အသက် ၁၈ နှစ် ပြည့်မှီသူများ အားလုံး ကျနော်တို့ နိုင်ငံသားစိစစ်ရေး ကဒ်ပြား ဆောင်ရွက်ပေးမယ်၊ အသက် ၁၈ နှစ်ပြည့်မှီသူများ မဲပေးနိုင်ဖို့ အခွင့်အရေးမဆုံးရှုံးအောင် နိုင်ငံတော် သမ္မတကြီးက အကောင်အထည်ဖော်ပေးချင်လို့ပါ"

လာမယ့် နိုဝင်ဘာလ ၃၀ ရက်နေ့မှာ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ တိုင်းရင်းသားတိုင်း နိုင်ငံသားစိစစ်ရေးကဒ်ပြား ရရှိဖို့အတွက် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဇွန်လ ၃၀ ရက်နေ့ထိ မိုးပွင့်အထူးစီမံချက် ရေးဆွဲဆောင် ရွက်နေတာဖြစ်ပါတယ်။

နိုင်ငံသားစိစစ်ရေးကဒ်ပြားရရှိဖို့ ကျန်ရှိနေသူတွေက သက်ဆိုင်ရာ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေကို စာရင်းပေးသွင်းဖို့ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အိမ်ထောင်စုလူဦးရေစာရင်းမရှိသူတွေကို စိစစ်ပြီးထုတ်ပေးဖို့ ဆောင်ရွက်နေကြောင်းလည်း သိရပါတယ်။