ဗြိတိန်နိုင်ငံရဲ့ မြန်မာ့အရေး ဆောင်ရွက်ချက်အပေါ် လေ့လာစုံစမ်း

ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)
2021.05.25


ဗြိတိန်ပါလီမန်ရဲ့ နိုင်ငံခြားရေးရာ ကော်မတီဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး လေ့လာစုံစမ်းဖို့ အစည်းအဝေးတစ်ရပ်ကို မနေ့က ကျင်းပခဲ့ရာမှာ NUG အစိုးရရဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက NUG အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို တင်ပြခဲ့ပါတယ်။ အလားတူ တက်ရောက်လာတဲ့ တိုင်းရင်းသားနဲ့ အရပ်ဘက်ခေါင်းဆောင်တွေကတော့ ဗြိတိန်အစိုးရဟာ မြန်မာ့အရေး လုပ်ဆောင်ရာမှာ တိုင်းရင်းသားလူနည်းစုတွေရဲ့အသံကို နားထောင်ပြီး လုပ်ဆောင်မှု အားနည်းနေသေးတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဗြိတိန်ပါလီမန်ရဲ့ နိုင်ငံခြားရေးရာကော်မတီကနေ မနေ့က ပြုလုပ်တဲ့ မြန်မာ့အရေးဆိုင်ရာအစည်းအဝေးဟာ လက်ရှိ မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြပ်အတည်းအပေါ် ဗြိတိန် အစိုးရရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေအပေါ် လေ့လာစုံစမ်းနိုင်ဖို့ ကျင်းပခဲ့တာဖြစ်ပြီး၊ ဗြိတိန် အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို လျော့ကျအောင် စေ့စပ်ညှိနိုင်းပေးဖို့အတွက် ဘယ်လို ပါဝင် ဆောင်ရွက်နိုင်မလဲ ဆိုတာကို တက်ရောက်လာသူတွေဆီက လေ့လာစုံစမ်းခဲ့ပါတယ်။

လက်ရှိ အချိန်ဟာ မြန်မာ့ သမိုင်းမှာ အမှောင်မိုက်ဆုံး အချိန်ကာလတစ်ခုကို ရောက်နေပြီး၊ မြန်မာနိုင်ငံဟာ ရာနှုန်းပြည့် ပြည်တွင်း စစ်ကြီးတစ်ခု ဖြစ်ကာနီး အခြေအနေကို ရောက်နေပြီလို့ NUG အစိုးရရဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာ ဆာဆာက ပြောပါတယ်။

NUG အစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပက်သက်ပြီး တင်ပြရာမှာ၊ စစ်ကောင်စီကို ဆန့်ကျင်သူတွေနဲ့ CDM လှုပ်ရှားမှုတွေမှာ ပါဝင်သူတွေကို ဆက်လက် အားပေးထောက်ခံနေနပြီး၊ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေကို ရှာဖွေပြီး ဖြန့်ဖြူးပေးအပ်ဖို့ ကြိုးပမ်းနေတဲ့အကြောင်း၊ ဖက်ဒရယ် ဒီမိုကရေစီ စံနှုန်းတွေကို အခြေခံပြီး အားလုံးပါဝင်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် တရပ်ကို ရေးဆွဲဖို့ ကြိုးစားနေတဲ့အကြောင်း၊ အခုဆိုရင် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်လာစေဖို့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ နိုင်ငံရေး ပါတီတွေ၊ အရပ်ဘက် လူမှုအဖွဲ့ ခေါင်းဆောင်တွေကို NUG အစိုးရထဲမှာ ပါဝင်လာစေဖို့ ကြိုးစားနေတဲ့အကြောင်း ဒေါက်တာ ဆာဆာက ပြောသွားပါတယ်။

NUG အစိုးရဟာ စစ်အစိုးရ လုံးဝပြုတ်ကျစေရေး၊ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းရေး၊ ရိုဟင်ဂျာတွေကို နိုင်ငံသား ဖြစ်ခွင့်မပြုတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေလို ခွဲခြားဆက်ဆံရာရောက်တဲ့ ဥပဒေတွေကို ဖျက်သိမ်းရေးနဲ့ ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုတဲ့ ပြည်သူ့အစိုးရတည်ထောင်ဖို့ စတဲ့ ရည်မှန်းချက်တွေကို အခြေခံပြီး ဆောင်ရွက်နေတယ်လို့လည်း ဒေါက်တာ ဆာဆာက ပြောပါတယ်။

ကရင် အမျိုးသမီးအစည်းအရုံး (KWO) က နော်ကညောဖောကတော့ ဗြိတိန်အစိုးရကော နိုင်ငံတကာအနေနဲ့ပါ လက်ရှိ မြန်မာနိုင်ငံ အကြပ်အတည်းကို လေ့လာသုံးသပ်ရာမှာ တိုင်းရင်းသားလူနည်းစုတွေနဲ့ ပဋိပက္ခဒေသက ပြည်သူတွေရဲ့အသံကို နားထောင်မှု အားနည်းနေသေးတယ်လို့ ပြောသွားပါတယ်။

အခုအချိန်မှာ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ အစိုးရ ဝန်ထမ်းတွေနဲ့ စစ်ကောင်စီဆန့်ကျင်သူတွေဟာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေတွေထဲကို ထွက်ပြေးခိုလှုံလာနေကြပြီး၊ ဗြိတိန် အစိုးရအနေနဲ့ ထွက်ပြေးလာကြသူတွေအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို တိုင်းရင်းသားဒေသတွေဆီကို ရောက်အောင် ပေးသွားဖို့လိုတဲ့အကြောင်း၊ မြန်မာ နိုင်ငံဘက်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို အတင်းအကြပ်မပြန်ခိုင်းဖို့ နဲ့ အကူအညီတွေ ဖြတ်သန်းပေးပို့တာကို မတားမြစ်ဖို့ ထိုင်းအစိုးရကို ဖိအားပေးစေချင်တဲ့အကြောင်း နော်ကညောဖောက ပြောသွားပါတယ်။

Action Committee for Democracy Development အဖွဲ့က တက်ကြွ လှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည် ကတော့ မြန်မာစစ်တပ်က တိုင်းရင်းသား ဒေသတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ အမြောက်အမြား သေဆုံးနေတဲ့ အတွက် လေကြောင်း တိုက်ခိုက်မှုတွေ ရပ်တန့်အောင် ဗြိတိန်အစိုးရအနေနဲ့ ဖိအားပေးဖို့ လိုတဲ့အကြောင်း၊ လူသားချင်း စာနာမှု အကူအညီတွေကို ကုလသမဂ္ဂနဲ့ NGO အဖွဲ့ ကြီးတွေက တဆင့် ပေးမယ့်အစား၊ ဒေသခံ အရပ်ဘက် အဖွဲ့တွေက တဆင့် ပေးအပ် ဖြန့်ဖြူးသင့်ကြောင်း၊ ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည်တွေကို လက်ခံထားဖို့ အိမ်နီးချင်း အိန္ဒိယ နဲ့ ထိုင်းနိုင်ငံတွေကို တိုက်တွန်းသင့်ကြောင်း ပြောထားပါတယ်။

အဲဒီနောက် ဆက်လက်ကျင်းပတဲ့ မြန်မာ့အရေး လေ့လာစုံစမ်းရေးအစည်းအဝေး ဒုတိယပိုင်းမှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးသံတမန် တွမ်အင်ဒရူး၊ Burma Campaign for UK အဖွဲ့က မာ့ဖာမနာ နဲ့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး HRW အဖွဲ့ က အာရှရေးရာဆိုင်ရာ ဒါရိုက်တာ ဂျွန် ဆစ်ဖတန်တို့ တက်ရောက်ပြီး လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြပ်အတည်းအပေါ် ဗြိတိန် နိုင်ငံရဲ့ တုံ့ပြန်ဆောင်ရွက်ချက်တွေအပေါ် လေ့လာသုံးသပ်ခဲ့ကြပါတယ်။

ဒါကတော့ ဗြိတိန်နိုင်ငံဟာ G7 အဖွဲ့အနေနဲ့ကော၊ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံအနေနဲ့ပါ မြန်မာ အရေးမှာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လုပ်ဆောင်နေတဲ့အကြောင်း မစ္စတာ တွမ်အင်ဒရူးက ပြောသွားတာ ဖြစ်ပါတယ်။

HRW အဖွဲ့က ဂျွန်ဆစ်ဖတန်က လက်ရှိ အာဏာသိမ်းစစ်ကောင်စီအပေါ် ပစ်မှတ်ထားအရေးယူမှုတွေ လုပ်တဲ့နေရာမှာ ထိရောက်ပြီး၊ သူတို့ရဲ့ အကျိုးစီးပွားကို အမှန်တကယ် ထိခိုက်စေမယ့် အရေးယူမှုတွေ ဖြစ်ဖို့ အရေးကြီးတဲ့အကြောင်းနဲ့ ဗြိတိန် နိုင်ငံအနေနဲ့ စစ်တပ်ပိုင် လုပ်ငန်းတွေရဲ့ ဘဏ်အကောင့်တွေကို freeze လုပ်ပြီး ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ဖို့နဲ့ စစ်တပ်နဲ့ ဆက်စပ်နေတဲ့ ဘဏ်အကောင့်တွေကို ဝန်ဆောင်မှု မပေးဖို့ ပစ်မှတ်ထား အရေးယူမှုတွေ လုပ်နိုင်တဲ့အကြောင်း ပြောသွားပါတယ်။

တက်ရောက်လာသူတွေဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်ကွပ်မှုတွေကနေ ထွက်ပြေးနေရတဲ့ သတင်းသမားတွေနဲ့ သတင်းမီဒီယာတွေကို အားပေးထောက်ခံဖို့ အရေးကြီးတဲ့အကြောင်း ဆွေးနွေးခဲ့ကြပြီး၊ တိုင်းရင်းသားဒေသတွေက ပြည်သူတွေအတွက် အရေးကြီးတဲ့ သတင်းတွေကို တိုင်းရင်းသား ဘာသာစကားနဲ့ ထုတ်လွှင့်ပေးနေတဲ့ သတင်းမီဒီယာတွေကို အားပေးထောက်ခံသွားဖို့ အရေးကြီးကြောင်း၊ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး နဲ့ စစ်ခေါင်းဆောင်တွေကို တာဝန်ခံခိုင်းဖို့အတွက် အာဆီယံ၊ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ ထိတွေ့ဆက်ဆံသွားဖို့၊ ဗြိတိန်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံရဲ့ အိမ်နီချင်း ဒီမိုကရေစီ အစိုးရတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့၊ စစ်ခေါင်းဆောင်တွေနဲ့ မြန်မာ စစ်တပ်ရဲ့ လုပ်ငန်းတွေ ပိုင်ဆိုင်တဲ့ ဘဏ်အကောင့်တွေကို ပိတ်ပင်သွားဖို့ စတဲ့ အရေးကိစ္စတွေကို ဆွေးနွေးသုံးသပ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Win Htm
2021-06-05 00:15

နေ့စဉ်နားစ်ဆင် ဖြစ်ပါတယ်