ဖက်ဒရယ်တပ်မတော်ရဲ့အစိတ်အပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ကို NUG ဖွဲ့စည်း

အေးအေးမွန် (အော်စလိုမြို့)
2021.05.05

အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီး နေတဲ့အတွက် ဖက်ဒရယ်တပ်မတော်ရဲ့ ရှေ့ပြေးအမြုတေ အဖြစ် “ပြည်သူ့ကာကွယ်ရေးတပ်” People Defence Force ကို စတင်ဖွဲ့စည်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီကနေ့ မေလ ၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရဲ့ အမိန့်နဲ့ထုတ်ပြန်တဲ့ ဒီကြေညာချက်မှာ အဓိက အချက်ငါးချက်ပါဝင်ပြီး၊ အမျိုးသားညီညွတ်ရေးအစိုးရဟာ ၂၀၂၀‌ ရွေးကောက်ပွဲကနေ ပြည်သူလူထု အပ်နှင်းထားတဲ့ အခွင့်အာဏာကို ကျင့်သုံးနေကြောင်း၊ စစ်ကောင်စီကတော့ အရပ်သားအစိုးရဆီကနေ ပြည်သူ့ အာဏာကို အဓမ္မသိမ်းယူပြီး ပြည်သူလူထုကို ဖိနှိပ်အကြမ်းဖက်သတ်ဖြတ်နေကြောင်း ဦးစွာ ဖော်ပြထားပါတယ်။

ဒါကြောင့် အမျိုးသားညီညွတ်ရေးအစိုးရကနေ စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကို ရပ်တန့်ရေး၊ အနှစ် ၇ဝ ကျော်ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးနဲ့ ထိရောက်တဲ့ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲ မှုတွေ လုပ်ဆောင်နိုင်ရေးအတွက် ဖက်ဒရယ်တပ်မတော်ရဲ့ ရှေ့ပြေးအမြုတေအဖြစ် ပြည်သူ့ကာကွယ်ရေး တပ်ကို ဖွဲ့စည်းလိုက်ကြောင်း NUG ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဒုတိယကာကွယ်ရေးဝန်ကြီး ဒေါ်ခင်မမမျိုးက “ပြည်သူ့ကာကွယ်ရေးတပ် အတွက် လူအင်အား၊ လက်နက်အင်အား၊ ငွေအင်အား အားလုံးပြင်ဆင်ထားပြီးပြီ” လို့ပြောပါတယ်။

“ဟုတ်ပါတယ်၊ ကျမတို့ ဒီနေ့ မေလ ၅ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်ကို စဖွဲ့လိုက်ပါတယ်၊ တကယ်တော့ ဒီတပ်ကို ကာလအတော်ကြာကတည်းက စတင်ဖွဲ့စည်းထားတာပါ၊ လူအင်အား လက်နက် အင်အားဆိုတဲ့နေရာမှာ လေ့ကျင့်ရေးက အရေးကြီးတာကြောင့် လေ့ကျင့်ရေးအတွက် အများကြီး ပြင်ဆင် ထားပြီးဖြစ်ပါတယ်၊ လက်နက်အင်အားနဲ့ ပတ်သက်ရင်လည်း ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ Defense Acquisition Department လို့ ခေါ်တဲ့ လက်နက်ရရှိရေးဌာနကို ဖွဲ့စည်းထားပါတယ်။ ငွေအင် အားနဲ့ ပတ်သက်ရင်လည်း ကျမတို့ တတ်နိုင်သမျှ ပြင်ဆင်ထားတဲ့အပိုင်းလေးတွေရှိပါတယ်။”

တပ်မတော်အရာရှိဟောင်းတစ်ဦးဖြစ်တဲ့ သေနင်္ဂဗျူမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှုး ဦးသိန်းထွန်းဦး ကတော့ CRPH ရော NUG ရောဟာ တရားမဝင်အဖွဲ့အစည်းတွေဖြစ်တာကြောင့် ပြည်သူ့ ကာကွယ်ရေးတပ်ဆိုတာက လက်တွေ့မှာ သိပ်အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“နစက က တာဝန်ယူပြီးကတည်းက CRPH ကိုရော NUG ကိုရော သူက တရားမဝင်အသင်းအဖြစ် တစ်ခါတည်း ကြေညာထားပြီးသားဆိုတော့ သူတို့ရဲ့ဖြစ်တည်မှုက တော်တော်လေးမေးခွန်းထုတ်စရာဖြစ်ပါလိမ့် မယ်၊ သူတို့ဘက်က စာတွေထုတ်လာတာရှိတယ်၊ သူတို့ဘက်က တာဝန်ရှိသူတွေ တော်တော်များများက လုပ်ငန်းပိုင်းဆိုင်ရာပဲသွားနေတယ်ဆိုတော့ ၁၉၈၈ တုန်းက စင်ပြိုင်အစိုးရ ဒေါက်တာစိန်ဝင်းတို့ ရှိခဲ့ဖူး တာပဲ၊ အဲဒီလောက်တောင်မှ အလုပ်မဖြစ်လှဘူးလို့ထင်တယ်၊ သို့သော်လည်း အွန်လိုင်းပေါ်မှာ တော်တော် များများအမြင်က အရွေ့တစ်ခုရောက်နေလောက်ပြီလို့ ထင်ကောင်းထင်နေကြပါမယ်၊ မြေပြင်မှာတော့ အားကောင်းလှတဲ့ အရွေ့တော့မဟုတ်ဘူး တစ်ချိန်မှာတော့ ပြန်ငြိမ်သွားမယ်လို့ထင်ပါတယ်’’

ပြည်သူ့ကာကွယ်ရေးတပ်ဟာ အနာဂါတ်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေ ပါဝင်မယ့် ဖက်ဒရယ် ပြည်ထောင်စုရဲ့ ရှေ့ပြေးအစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ NUG ကြေညာချက်မှာ ဖေါ်ပြထားတာကြောင့် ကေအဲန်ယူ ကရင့်အမျိုးသားအစည်းအရုံးရဲ့ သဘောထားကို မေးမြန်းတဲ့အခါ KNU နိုင်ငံခြားရေး တာဝန်ခံ ပဒို စောတောနီး က “ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့စည်းတာကို ကြိုဆိုလိုက်ပြီး၊ ဘုံရန်သူကို ဘယ်လိုအတူ ဆန့်ကျင်ကြမလဲဆိုတာကိုတော့ ဆက်လက်ဆွေးနွေးရမယ်” လို့ RFA ကို ပြောပါတယ်။

“ထူးထူးခြားခြားတော့ ပြောစရာမရှိသေးဘူး။ သူတို့နဲ့ရှေ့ဆက်ပြီး အများကြီးဆွေးနွေးစရာရှိသေးတယ်။ ဘုံရန်သူကို ဆန့်ကျင်ရမယ့်အနေအထားမှာ ဘယ်လို ဆက်လုပ်ရမယ်ဆိုတာ ဆက်ဆွေးနွေးတာပဲ ရှိသေးတယ်။ တပ်ဖွဲ့တာတွေ ဘာတွေက အများကြီးဆွေးနွေးရမယ်လို့ ယူဆတယ်။ အခုလည်း ထူးထူးခြားခြား ပြောစရာတော့ မရှိသေးဘူး။ ကျွန်တော်သိတာကတော့ သူတို့လုပ်သင့်လုပ်ထိုက်တာကို သူတို့လုပ်သွား မှာပဲ။”

မြန်မာ့နိုင်ငံရေး စစ်ရေးလေ့လာသူ ဒေါက်တာလှကျော်ဇော ကလည်း နွေဦးတော်လှန်ရေးမှာ အရေးကြီးတဲ့ သင်ခန်းစာကတော့ လက်နက်ကိုင်တော်လှန်ရေးပဲလို့ ပြောပါတယ်။

“ဒီနွေဦးတော်လှန်ရေးမှာ ပြည်သူလူထုက ရလိုက်တဲ့သင်ခန်းစာ နှစ်ခုရှိတယ်၊ ဒီစစ်အာဏာရှင်စနစ်ကို လက်နက်နဲ့ပဲ တိုက်မှရတော့မယ်ဆိုတာ ရရှိချက်။ နံပါတ် ၂ က တိုင်းရင်းသားလူမျိုးတွေအားလုံး ညီညွတ်စွာနဲ့ ဒီစစ်အာဏာရှင်စနစ်ကို တိုက်မှရတော့မယ် ဆိုတဲ့အချက်က နွေဦးတော်လှန်ရေးမှာ ပြည်သူတွေ ရလိုက်တဲ့ အဖိုးအတန်ဆုံး သင်ခန်းစာပဲ’’

ပြည်တွင်းမှာ ဒီကနေ့ထိ အာဏာဖီဆန်ရေးလုပ်နေတဲ့ Genaration Z မျိုးဆက်သစ်လူငယ်တွေနဲ့ ပြည်သူ အများစုကလည်း အမျိုးသားညီညွတ်ရေးအစိုးရ ဒီကနေ့ဖွဲ့စည်းလိုက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်ရေးကို ထောက်ခံကြိုဆိုပြီး၊ ဆုံးရှုံးခဲ့တဲ့ ဒီမိုကရေစီအပြောင်းအလဲတွေ ပြန်ရဖို့ မျှော်လင့်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။