စစ်ရဟတ်ယာဉ်တစ်စီး ဟုမ္မလင်း PDF တွေ ပစ်ချနိုင်ခဲ့တယ်လို့ NUG ထုတ်ပြန်
2023.02.03

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်က ရွှေပြည်အေးမြို့သစ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်စီးကို ဟုမ္မလင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ မဟာမိတ်တွေက ပျက်ကျအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ရွှေပြည်အေးမြို့သစ်ကို ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး မဟာမိတ် တပ်ဖွဲ့တွေဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF၊ ဟုမ္မလင်း ခရိုင်တပ်ရင်း ၁၊ HPDF-124၊ HPDF မိုးကြိုးနဲ့ မဟာမိတ်တပ်ပေါင်းစုတွေက စစ်ကောင်စီ ရဟတ်ယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့တာလို့ ထုတ်ပြန်ထားတာပါ။
ဖေဖော်ဝါရီ ၃ ရက် ဒီနေ့မှာ ရဟတ်ယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့တယ်ဆိုတာ မှန်ကန်ကြောင်း ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ HPDF – 124 က RFA ကိုပြောပါတယ်။
ပစ်ချလိုက်တဲ့ ရဟတ်ယာဉ်ဟာ ဘယ်လိုအမျိုးအစားဆိုတာနဲ့ အခြေအနေအသေးစိတ်ကို အင်တာနက်လိုင်း၊ ဖုန်းလိုင်း အခက်အခဲကြောင့် RFA အနေနဲ့ မေးမြန်းခွင့် မရခဲ့ပါဘူး။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးအယောက် ၂၀ လောက်သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG က ထုတ်ပြန်ထားပါတယ်။
RFA အနေနဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေရဲ့ သေဆုံးမှုကို သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဟုမ္မလင်း တိုက်ပွဲနဲ့ စစ်ကောင်စီ ရဟတ်ယာဉ်ပျက်ကျမှု အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။