မြန်မာ့အရေး ဆေးမြီးတိုနဲ့ ဖြေရှင်းလို့မရကြောင်း NUG ယာယီသမ္မတ ပြော
2024.10.08
ပြည်တွင်းကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်နေတဲ့ ဒေသတွင်း နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအရေးကိုဖြေရှင်းရာမှာ နိုင်ငံရေးဆေးမြီးတိုတွေနဲ့ ဖြေရှင်းလို့မရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောလိုက်ပါတယ်။
အောက်တိုဘာ ၈ ရက်နေ့က ကျင်းပတဲ့ NUG အစိုးရ အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက... “ကျွန်တော်တိုအားလုံး သိထားပြီးဖြစ်တဲ့အတိုင်း လက်ရှိ ပြည်တွင်းရေးကိစ္စ အပေါ်မှာ ဒေသတွင်း နိုင်ငံတွေရဲ့ ဝင်ရောက်စွက်ဖက်မှုက ထင်ထားတာထက် ပိုပြီး ထဲထဲဝင်ဝင် ဖြစ်လာတာ တွေ့ရတယ်။ ဒေသတွင်းနိုင်ငံတွေဟာ လောလောဆယ်အားဖြင့် ပြည်တွင်းက လတ်တလောဖြစ်ရပ်တွေကို ကြည့်ပြီး ဒေသတွင်း တည်ငြိမ်ရေးကို ရနိုင်သလောက် ထိန်းဖို ကြိုးစားတယ်လို့ ကျွန်တော် မြင်ပါတယ်။ တကယ်တော့ လက်ရှိ ဖြစ်ရပ်တွေဟာ ကျွန်တော်တို နိုင်ငံအတွင်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အမြစ်တွယ်ပြီး ပံ့ပိုးလာတဲ့ စစ်အာဏာရှင် စရိုက်တွေရဲ့ စုပြုံအကျိုးပေးမှုကြောင့် ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ အတိတ်က အမြစ်စွဲနေတဲ့ စနစ်ဆိုး၊ စရိုက်ဆိုးကြောင့် ဖြစ်တဲ့ အခြေအနေတွေကို ကုစားရာမှာ နိုင်ငံရေးဆေးမြီးတိုတွေနဲ့ ဖြေရှင်းလို့ မရဘူးဆိုတာ ကျွန်တော်တို့ ပြောဖို့လိုပါတယ်။ ဒေသတွင်းနိုင်ငံတွေကို ဒီသတင်းမက်ဆေ့ချ်ကို ရောက်အောင် ပိုနိုင်ဖို့ လိုပါတယ်။ အခု ဒေသတွင်းနိုင်ငံတွေရဲ့ တုံ့ပြန်ချက်တွေဟာ ရေတိုသဘောထက် ရေရှည်သဘောကို သွားနိုင်ဖို လိုပါတယ်" လို့ ပြောခဲ့ပါတယ်။
ဘယ်နိုင်ငံတွေကို သတင်းစကားပါးတယ်ဆိုတာကိုတော့ ထည့်သွင်းပြောဆိုတာ မရှိပါဘူး။
တစ်ဆက်တည်းမှာပဲ စစ်ကောင်စီ ကြိုးစားနေတဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ ကျင့်ထုံးနဲ့ မူတွေကို အခြေတည်ပြီး ကျင်းပတဲ့ ရွေးကောက်ပွဲ မဟုတ်တာကြောင့် အတုအယောင်ရွေးကောက်ပွဲလို့ နာမည်တပ်ပြီး ကန့်ကွက်တာလို့ ထည့်ပြောခဲ့ပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းတာကို တရားဝင်ဖြစ်အောင် ရွေးကောက်ပွဲကို လက်နက်တစ်ခုလိုအသုံးချဖို့ကြိုးစားနေတာဖြစ်သလို အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် လုပ်နေတာသာဖြစ်တယ်လို့ ယာယီသမ္မတက ပြောပါတယ်။
"စစ်အာဏာရှင်ကနေ စပွန်ဆာလုပ်ပြီး ကျင်းပတဲ့ ရွေးကောက်ပွဲတွေဟာ အာဏာရှင်စနစ်ကိုပဲ သက်ဆိုးရှည်အောင် အထောက်အပံ့ ပေးတာတွေ့ရပါတယ်။ ဒါဟာ ကျွန်တော်တို နိုင်ငံနဲ့ ပြည်သူလူထုကို အဆိုးကျော့သံသရာထဲကနေ ရုန်းမထွက်နိုင်အောင် “ဘိန်းမှိန်း” မှိန်းခိုင်းတာလိုပဲ ကျွန်တော် မြင်ပါတယ်။ ဒါဟာ လက်တွေ့ကျတဲ့ အဖြေကုထုံး မဟုတ်သလို၊ အနာဂတ် လူ့အဖွဲအစည်းအတွက်လည်း မျှော်လင့်ချက်သစ် မဖြစ်နိုင်ပါဘူး"
ဒီပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
လာမဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတဲ့အကြောင်း စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေကို ထုတ်ပြောထားပြီး စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေကတော့ ဒီရွေးကောက်ပွဲကို ကန့်ကွက်ထားပါတယ်။
စစ်ကောင်စီ ကျင်းပမဲ့ ရွေးကောက်ပွဲနဲ့ သန်းခေါင်စာရင်းကောက်ယူတဲ့ လုပ်ငန်းတွေမှာ ထိုင်းအစိုးရက ကူညီပေးမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး Mongkol Visitstump က စစ်ကောင်စီ တာဝန်ရှိသူတွေနဲ့ ဩဂုတ်လ ၆ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ် ပြောဆိုခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
မြန်မာ့ရေးရာနဲ့ ပဋိပက္ခ လေ့လာရေးအဖွဲ့ (Burma Affairs and Conflict Study – BACS) က စစ်ကောင်စီ ကျင်းပဖို့ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲအပေါ် ၂၀၂၄ ခုနှစ်အတွင်း အရင်နှစ်တွေကထက် တရုတ်နိုင်ငံက ပိုပြီး ပါဝင်ပတ်သက်လာတယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီထိန်းချုပ်နယ်မြေတွေမှာ အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူနေပြီး စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနဲ့ ချင်းပြည်နယ်တွေက မြို့နယ်ငါးခုမှာ သန်းခေါင်စာရင်းကောက်ယူတဲ့အဖွဲ့တွေဆန့်ကျင်တိုက်ခိုက်ခံနေရပါတယ်။