ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲ တစ်သောင်းနီးပါးရှိပြီလို့ NUG ပြော

2022.04.18
ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲ တစ်သောင်းနီးပါးရှိပြီလို့ NUG ပြော ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခလရ (၂၆၈) တပ်မှ စစ်ကောင်စီတပ်သား ထက်မြတ်အောင် လက်နက် အပြည့်စုံဖြင့် ၂၀၂၂ ခုနှစ် ဧပြီလ ၁၈ ရက်နေ့မှာ CNDF ထံ အလင်းဝင်ရောက်စဥ်
Photo: CNO

စစ်ကောင်စီလက်အောက်မှာ မနေချင်တာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်သူ့ရင်ခွင်အဖွဲ့ထံ ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲ တစ်သောင်းနီးပါးအထိ ရှိနေပြီလို့ NUG ရဲ့ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

ဧပြီလ ၁၈ ရက် ဒီနေ့ အွန်လိုင်းကနေပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် စတုတ္ထအကြိမ် အစည်းအဝေးအတွက် တင်သွင်းတဲ့ NUG ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်အစီရင်ခံစာထဲမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထည့်သွင်းပြောခဲ့တာပါ။

အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီလက်အောက်ကနေ မထွက်လာဘဲ အတွင်းကနေ သတင်းအချက်အလက် ပေးပို့နေသူတွေ များစွာရှိတယ်လို့လည်း မန်းဝင်းခိုင်သန်းက ပြောပါတယ်။

“ယခုအခါ ပြည်သူ့ရင်ခွင်ခိုလှုံလာသူ တစ်သောင်းနီးပါး ရှိနေပြီဖြစ်သလို အကြောင်း အမျိုးမျိုးကြောင့် အပြင်ထွက်မလာနိုင်ဘဲ အတွင်းထဲကနေ ချိတ်ဆက်တော်လှန်နေ ကြတဲ့ သူတွေလည်း များစွာရှိနေပြီး ၎င်းတို့ဆီကနေလည်း တန်ဖိုးရှိတဲ့ သတင်း အချက်အလက်တွေ ရရှိနေပါတယ်” လို့ ဆိုပါတယ်။

ပြည်သူ့ရင်ခွင်ကော်မတီကိုဖွဲ့စည်းပြီး စစ်ခေါင်းဆောင်တွေ လက်အောက်မှာ ဆက်လက် အမှုမထမ်းလိုတဲ့သူတွေကို ဘေးလွတ်ရာ စီမံဆောင်ရွက်ပေးပြီး ကူညီထောက်ပံ့မှုတွေပါ ဆောင်ရွက်ပေးနေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ရဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။

တစ်ဖက်မှာလည်း ဗဟိုကွပ်ကဲရေးနဲ့ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းပြီး စစ်ဒေသ ကြီး သုံးခုနဲ့ လက်နက်ကိုင်တော်လှန်ရေး အင်အားစုအသစ်တွေနဲ့ ရှိပြီးသားတပ်မတော်တွေ ပူးပေါင်းကာ စစ်ဆင်ရေးနဲ့ ပြည်သူ့ကာကွယ်ရေးဆိုင်ရာကိစ္စတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေအတွက် လက်နက်ပြည့်စုံမှုမှာတော့ အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေ ရှိနေသေးတာကြောင့် အဆင်ပြေအောင် မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကျော်ဖြတ်နေတယ်လို့ ဒီနေ့ တင်သွင်းတဲ့ အစီရင်ခံစာထဲမှာ ပါဝင်ပါတယ်။

ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို တစ်နိုင်ငံလုံးဖွဲ့စည်းထားပြီး တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေရဲ့ ထောက်ပံ့ကူညီမှုနဲ့ တစ်နိုင်ငံလုံးရဲ့ ၁၅ % ခန့်ကို လွှမ်းမိုး ထားနိုင်သလို တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်တွေက ၃၀ % စိုးမိုးထားနိုင်တာ ကြောင့် စစ်ကောင်စီရဲ့ ထိန်းချုပ်နယ်မြေ တစ်ဝက်ခန့်ပဲ ကျန်တယ်လို့လည်း မန်းဝင်းခိုင်သန်းက ထည့်သွင်းပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။