ညောင်လေးပင်ဘူတာမှာ ဗုံးကွဲမှု အရပ်သားသုံးဦးသေ၊ ၁၀ ဦးဒဏ်ရာရ
2023.02.13

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့က မီးရထားဘူတာမှာ ဖေဖော်ဝါရီလ ၁၃ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်က ဗုံးပေါက်ကွဲခဲ့တာကြောင့် အရပ်သား သုံးဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
အသက် ၄၀ အရွယ် အရပ်သားနှစ်ဦးက ဗုံးပေါက်ကွဲတဲ့နေရာမှာ သေဆုံးခဲ့ပြီး နောက်တစ်ဦးက ဆေးကုသမှုခံယူနေချိန်မှာ သေဆုံးခဲ့တာလို့ ညောင်လေးပင် မြို့ခံတစ်ဦးက ပြောပါတယ်။
“ဘူတာဘက်အခြမ်း ရထားစောင့်စီးတဲ့ နေရာဘက်မှာဖြစ်သွားတာ။ အခင်းဖြစ်တဲ့ နေရာမှာသေတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးက ဒီဒေသမှာ ပဲလာနုတ်တာ။ အခု ပဲနုတ်ပြီးလို့ အညာဘက် ပြန်မယ့်သူတွေလို့သိရတယ်။ ဆေးရုံမှာ နောက်ထပ် တစ်ယောက်က ထပ်ဆုံးတယ်။ ထိခိုက်ဒဏ်ရာရတဲ့ အထဲကပဲ။ အမျိုးသားလား အမျိုးသမီးလားဆိုတာတော့ မသိရသေးဘူး။ ဆေးရုံထဲဝင်လို့လည်း မရဘူး”
ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီရဲ့ တပ်နဲ့ရဲတွေက ညောင်လေးပင် ဘူတာနဲ့ အနီးတစ်ဝိုက်ကို ညနေပိုင်းအထိ ပိတ်ဆို့စစ်ဆေးနေတယ်လို့ သူကပြောပါတယ်။
ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့အစည်းက ကျူးလွန်ခဲ့တယ်ဆိုတာကို RFA အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောရေးဆိုခွင့်ရှိသူ ဦးတင်ဦးကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ သူအာဏာယူထားတဲ့နှ စ်နှစ်အတွင်း နိုင်ငံတစ်ဝန်းမှာ လက်ပစ်ဗုံး၊ လက်လုပ်ဗုံးတွေနဲ့ တိုက်ခိုက်မှုပေါင်း ၈,၅၂၇ ကြိမ် ရှိခဲ့တယ်လို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်က ပြုလုပ်ခဲ့တဲ့ ကာလုံအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။