ညောင်လေးပင်ခရိုင်မှာ တိုက်ပွဲကြောင့် ထွက်ပြေးနေသူတွေ အကူအညီလိုအပ်

2022.07.01
ညောင်လေးပင်ခရိုင်မှာ တိုက်ပွဲကြောင့် ထွက်ပြေးနေသူတွေ အကူအညီလိုအပ် ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်တွင်းက တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသည့် ဒေသခံများကို ၂၀၂၂ ခုနှစ် ဇွန်လ ၂၉ ရက်နေ့က တွေ့ရစဉ်
Photo: KNU

ပဲခူးတိုင်းအတွင်းက ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ ထိန်းချုပ်ရာ နယ်မြေဖြစ်တဲ့ ညောင်လေးပင်ခရိုင် ကျောက်ကြီးနဲ့ မုန်းမြို့နယ်တွေမှာ တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ကျေးရွာပေါင်း ၃၀ က ဒေသခံ တစ်သောင်း ခြောက်ထောင် ကျော်ဟာ လတ်တလော ဆေးဝါး၊ သောက်သုံးရေနဲ့ စားနပ်ရိက္ခာ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံ ကရင်အရပ်ဘက် လူမှုရေးရာအဖွဲ့က RFA ကို ပြောပါတယ်။

လက်ရှိ ထွက်ပြေးတိမ်းရှောင် နေရသူတွေအထဲမှာ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ ကလေးသူငယ်တွေနဲ့ မသန်စွမ်းသူတွေလည်း ပါဝင်ပြီး မိုးရာသီ ဖြစ်တာကြောင့် အခက်အခဲနဲ့ ရင်ဆိုင်နေ ကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒုက္ခသည်အရေး အကူအညီပေးနေသူတစ်ဦးက ပြောပါတယ်။

“အခုက မိုးရာသီဖြစ်နေတော့ တစ်ဖက်က ကြိုတင်ပြင်ဆင်မှုမရှိတော့ အမိုးအကာတွေ လိုတယ်။ ပြေးရလွှားရတဲ့ အထဲမှာလည်း သက်ကြီးရွယ်အိုတွေရော၊ ကလေးတွေရော၊ ကိုယ်ဝန်ဆောင် မိခင်တွေလည်းပါတော့ အခက်အခဲတွေရှိနေတာပေါ့။ ခြင်တွေလည်း ကိုက်။ မိုးတွင်းဆိုတော့ သောက်သုံးရေအတွက် ရေတွေကလည်း နောက်နေတယ်။ ကယ်ဆယ်ရေးအတွက် ကျန်းမာရေးအဖွဲ့က ကွင်းဆင်းတဲ့အခါမှာ ကလေးတွေမှာ ဝမ်းပျက် ဝမ်းလျှောတာတွေ ရှိလာနေတယ်”

ကျောက်ကြီးမြို့နယ် လေပြင်ထဲကျေးရွာနဲ့ ကျောက်လွဲကျေးရွာအနီးမှာ ဇွန်လ ၃၀ မနေ့ကအထိ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လတ်တလောမှာ ဒေသခံအရပ်ဘက်အဖွဲ့တွေနဲ့ ဘာသာရေးအဖွဲ့တွေက အကူအညီတွေ ပေးနေပေမယ့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလာနိုင်တာကြောင့် ရေရှည်မှာ အခက်အခဲနဲ့ ပိုမိုကြုံရနိုင်ခြေ ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ မုန်းမြို့နယ်အတွင်းက နောင်ကုန်းရွာနဲ့ ရန်မျိုးအောင်ရွာ၊ ကျောက်ကြီး မြို့နယ်အတွင်းက ကျွန်းကုန်း၊ လယ်ဝိုင်းကြီး၊ ညောင်ကုန်း၊ ညောင်တန်း၊ နရွဲပင်၊ ကြို့ကုန်း၊ အင်းနက်၊ သဲကုန်း၊ ဝဲလဗျင်း၊ အောက်ချင်းကုန်း၊ လှည်းလမ်းကုန်း၊ စပ်လဲ၊ မတောကုန်း၊ လော်မူသော၊ လော်မူပယ်၊ ရွာကန့်လန့် စတဲ့ ရွာပေါင်း ၃၀ က လူဦးရေ စုစုပေါင်း ၁၆,၁၃၇ ဦး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ အကူအညီ ပေးနေတဲ့အဖွဲ့တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။