ကျောက်ကြီးနဲ့ မုန်းမြို့မှာ တိုက်ပွဲပြင်းထန်နေလို့ ရွာ ၅၀ နီးပါးက ဒေသခံ ၃၀၀၀၀ ခန့် ထွက်ပြေးနေရ

2022.07.03
ကျောက်ကြီးနဲ့ မုန်းမြို့မှာ တိုက်ပွဲပြင်းထန်နေလို့ ရွာ ၅၀ နီးပါးက ဒေသခံ ၃၀၀၀၀ ခန့် ထွက်ပြေးနေရ ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်းမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က တွေ့ရစဉ်
Photo: CJ

ပဲခူးတိုင်း ညောင်လေးပင်ခရိုင်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) ထိန်း ချုပ်နယ်မြေဖြစ်တဲ့ ကျောက်ကြီးမြို့နဲ့ မုန်းမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ရွာပေါင်း ၅၀ နီးပါးက ဒေသခံ ၃၀၀၀၀ ခန့် ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေတဲ့အဖွဲ့တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက် ဝန်းကျင်လောက်ကစပြီး တပ်မဟာ (၃) ထိန်းချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်တွေနဲ့ KNU/KNLA တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး ဒီရက်ပိုင်းမှာတော့ တိုက်ပွဲတွေ ပိုပြင်းထန်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

KNU ဗဟိုကလည်း ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ် စီမံအုပ်ချုပ်ရေးနယ်မြေထဲက ကြောင်ပြာစခန်း၊ အောင်လေလာင်းစိန်စခန်း၊ ကျွန်းပင်ဆိပ်စခန်း၊ ကော့ပြင်စခန်းနဲ့ ကျောင်းစုစခန်းတွေကို ဇူလိုင်လ ၂ ရက် မနေ့က သိမ်းယူနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြည်သူတွေဟာ လက်ရှိ အိုးမဲ့အိမ်မဲ့တင် မဟုတ်ဘဲ အသက်ဘေးပါ ကြုံနေရတယ်လို့ ညောင်လေးပင်ခရိုင်ထဲက ဒေသခံ ကရင်အရပ်ဖက် လူမှုရေးရာအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။

“ကြောင်ပြာရွာစခန်းကို KNU တပ်ကသိမ်းတယ်။ အဲဒီတော့ ရွာကိုမနေ့ညနေက စစ် ရဟတ်ယာဉ်နဲ့ လာပစ်တယ်။ စခန်းကိုသိမ်းနိုင်ပေမဲ့ မရှင်းနိုင်ဘဲ ပြေးကြရတယ်။ အဲဒီမှာလည်း ရွာသားတစ်ယောက်သေပြီး တစ်ယောက် ဒဏ်ရာရတယ်။ အသေးစိတ် တော့ မသိရသေးဘူး။ ပြေးနေကြရတော့ အဆက်သွယ်တွေပြတ်နေတယ်။ စားနပ် ရိက္ခာတွေ၊ ဆေးဝါးတွေလည်း လိုနေတယ်”

မိုးရာသီဖြစ်နေတဲ့အတွက် ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် မိုးကာတွေ ကအစ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

လက်ရှိ ထွက်ပြေးနေရတဲ့ ဒေသခံတွေကတော့ အောင်းလောင်းစိန်၊ ငှက်ပျောတော၊ တပ်ကုန်း ၊ ဝေစွဲ၊ နိုညာလာ၊ စီဖလယ်၊ နောင်ဘို၊ ဝါးဘိုး၊ စာဘူးတောင်း၊ ကျွန်းပင်ဆိပ်၊ ရှမ်းလေးစု၊ တာလို၊ ငလောက်တက်၊ ကြောင်ပြာ၊ ပနားဝါပလော၊ နိုခိုထီး၊ သစ်ချဆိပ်၊ တိုင်ပင်၊ ကရင်မျက်ရဲ စတဲ့ရွာတွေကဖြစ်ပါတယ်။

နှစ်ဖက်တပ်တွေအကြား အခြေနေပိုတင်းမာနိုင်တာကြောင့် ထွက်ပြေးနေကြရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောက်ကြီးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီမနက်မှာလည်း စစ်ကားတွေ လေး၊ ငါးစီးလောက်နဲ့ ကျောက်ကြီးမြို့ထဲက ဖြတ် သွားတယ်။ ကားလမ်းတလျှောက် ပစ်တာတွေရှိတော့ ထွက်ပြေးကြရတယ်။ တချို့ ရွာတွေ ရွာလုံးကျွတ် ထွက်ပြေးနေရတယ်။ အခြေနေက ပိုတင်းမာနိုင်တယ်လို့ ယူဆ ကြတယ်။ ဖုန်းလိုင်းတွေကလည်း မမိတော့ အကုန်လုံးဆက်သွယ်လို့ မရကြတာတွေ လည်းရှိတယ်”

ညောင်လေးပင်ခရိုင်ထဲမှာ ဖြစ်နေတဲ့ နှစ်ဖက်တိုက်ပွဲ အခြေအနေနဲ့ပတ်သက်ပြီး စစ် ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ဆိုခဲ့ပေမယ့် ညနေပိုင်းထိ ဆက်သွယ်လို့မရခဲ့ပါဘူး။

ကျောက်ကြီးမြို့နယ်ထဲက လောမူပယ်ရွာကိုလည်း စစ်ကောင်စီတပ်သားတွေ ဝင်ရောက် မီးရှို့ပြီး ဒေသခံ စောမာနေထူးကို သတ်ဖြတ်ခဲ့တာအပါအဝင် နှစ်ဖက်တိုက်ပွဲအတွင်း ဒေသခံလေးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပေမယ့် RFA အနေနဲ့ သီးခြားအတည် မပြုနိုင်သေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။