ညောင်ဝန်းရွာပစ်ခတ်မှု ဖော်ထုတ် အရေးယူပေးဖို့ တောင်သူတွေ ဆန္ဒတောင်းဆို
2014.09.30

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ် ညောင်ဝန်းကျေး ရွာမှာ မြေယာပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ရက်နေ့က တောင်သူတွေနဲ့ မြို့နယ်ရဲတပ်ဖွဲ့တို့ အကြား ပဋိပက္ခဖြစ်ပွားခဲ့တဲ့အပေါ် သေနတ်နဲ့ ပစ်ခတ် ခဲ့သူတွေကို အရေးယူပေးဖို့ ညောင်ဝန်းကျေးရွာမှာ ဒီနေ့ တောင်သူ ၅၀၀ ကျော်က ဆန္ဒပြတောင်းဆိုခဲ့ကြ ပါတယ်။
လက်ရှိအချိန်ထိ မြို့နယ်ရဲတပ်ဖွဲ့က တာဝန်ယူ ဖြေရှင်း မပေးတဲ့အတွက် ဖြေရှင်းပေးတဲ့အထိ ဆန္ဒပြတောင်းဆို သွားမှာဖြစ်တယ်လို့ တောင်သူ ဦးစိုးမိုးကျော် က ပြောပါတယ်။
"၁၄ ရက် ၈ လ ၂ဝ၁၄ မှာ စဉ့်ကူးမြို့နယ် ရဲတပ်ဖွဲ့က ကျနော်တို့ရွာကို အကြမ်းဖက်တယ်၊ ဒီပြဿနာကလည်း အခုချိန်အထိ ဖြေရှင်းမပေးသေးပါဘူး၊ ဒါကြောင့် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယ်၊ ဖြေရှင်းမပေးမချင်း ကျနော်တို့ ဒီလိုဆန္ဒတွေ ထုတ်ဖော်သွားမယ်၊ ကျနော် တို့ မြေယာတွေ ရရှိတဲ့အထိလည်း တိုက်ပွဲတွေ လုပ်သွားမယ်ပေါ့"
မြေယာပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ လယ်ယာမြေတွေမှာ ဝင်ရောက်ထွန်ယက်ခဲ့တဲ့ တောင်သူ ၁၅ ဦးကို မြို့နယ်ရဲတပ်ဖွဲ့က ဝရမ်းထုတ်ထားတဲ့အတွက် အဲဒီရွာသားတွေကို ရဲတပ်ဖွဲ့ဝင်တွေက သေနတ်ပစ်ဖောက် ဝင်ရောက်ဖမ်းဆီးရင်း သြဂုတ်လ ၁၄ရက်နေ့က ပဋိပက္ခတွေ ဖြစ်ပွားခဲ့ကြတာပါ။
စဉ့်ကူးမြို့နယ်ရဲမှူး စိုးအောင် ဦးဆောင်တဲ့ မြို့နယ်ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့ရာ တောင်သူ တစ်ဦး ခြေထောက်ထိမှန်ခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဆန္ဒပြတောင်သူတွေဟာ အကြမ်းဖက်တိုက်ခိုက်မှုကို အရေးယူဆောင်ရွက်ပေးဖို့နဲ့ အသိမ်းခံရတဲ့ လယ်ယာမြေတွေကို ပြန်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။