အမေရိကန်သမ္မတ အိုဘားမားက သမ္မတဦးထင်ကျော်ကို မနေ့က ပထမဆုံးအကြိမ် တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးအတွက် ရှေ့ကို ချီတက်နိုင်မယ့် သမိုင်းဝင်ခြေ လှမ်းဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
သမ္မတတာဝန်စတင်ထမ်းဆောင်နေတဲ့ ဦးထင်ကျော်အတွက် ဝမ်မြောက်ဂုဏ်ယူကြောင်း အမေရိကန်သမ္မတ က ပြောကြားခဲ့တဲ့အပြင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ သာယာဝပြောရေး၊ နိုင်ငံရေးမှာ အားလုံးပါဝင်နိုင်ရေး ကြိုးပမ်းမှုတွေမှာ အမေရိကန်အနေနဲ့ အားပေးကူညီသွားဖို့ အခိုင်အမာ ပြောကြားခဲ့ကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။
သမ္မတဦးထင်ကျော်ကလည်း အမေရိကန်သမ္မတကြီးနဲ့ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ဆက် လက်ပြီး ပံ့ပိုးကူညီမှုတွေ လုပ်ဆောင်သွားလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့တယ်လို့ မြန်မာအစိုးရက သတင်းထုတ်ပြန်ပါတယ်။ ဒါ့ပြင် သမ္မတ ဦးထင်ကျော်က အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ USAID အပါအဝင် အမေရိကန်ပြည်ထောင်စုရဲ့ ကဏ္ဍအသီးသီးမှာ ပူးပေါင်းကူညီမှုတွေကို လိုလားကြောင်း ပြောကြားခဲ့ပါတယ်။
