ညောင်ဦး တက်မရေနံမြေပိတ်လိုက်လို့ လူဦးရေ တစ်သိန်းခန့် စားဝတ်နေရေးခက်ခဲ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာရှိတဲ့ တက်မရေနံမြေကို စစ်ကောင်စီဘက်က ပိတ်သိမ်းခိုင်းတာကြောင့် ရေနံတွင်းကို အမှီပြုလုပ်ကိုင်စားနေသူ လူဦးရေတစ်သိန်းခန့် စားဝတ်နေရေးခက်ခဲသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီရေနံမှော်ဟာ ညောင်ဦးမြို့နဲ့ ချောက်မြို့နယ်ကြားမှာရှိနေပြီး ရေနံကျင်းပေါင်း ထောင်နဲ့ချီ ရှိနေတဲ့ ရေနံမှော်ကြီးဖြစ်သလို အဲဒီမှာ သိန်းရာနဲ့ချီ ရင်းနှီးလုပ်ကိုင်ကြသူတွေ ရှိသလို သိန်းထောင်နဲ့ချီ ရင်းနှီးကြသူ တွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေနံမှော်ကို မေလ ၂၁ ရက်နေ့မှာ စပိတ်သိမ်းဖို့ စစ်ကောင်စီဘက်က အကြောင်းကြားခဲ့ပြီး မေလ ၂၉ ရက်မနက် ၈ နာရီနောက်ဆုံးထားပြီး ပစ္စည်းတွေသယ်ယူရမယ်လို့လည်း အကြောင်းကြားထားတာလို့ ဆိုပါတယ်။

ရေနံမှော်ပိတ်လိုက်တာကြောင့် ရေနံမှော်ကို အမှီပြုလုပ်ကိုင်နေတဲ့ လူဦးရေတစ်သိန်း လောက် ဘဝပျက်မတတ် ဖြစ်သွားတယ်လို့ အဲဒီမှာ ရေနံကျင်းတူးဖော်လုပ်ကိုင်နေ သူတစ်ဦးက RFA ကို ပြောပါတယ်။

"ဒီရေနံမှော်ကို ပိတ်လိုက်ပြီဆိုတော့ ကျွန်တော်တို့ဘဝကို သတ်လိုက်တာပဲ။ ကျွန်တော် တင်မဟုတ်ဘူး၊ ဒီမှော်ထဲမှာ လုပ်ကိုင်နေတဲ့ မိသားစုတစ်သိန်းကျော်လောက် ရှိတာကို အကုန်လုံးသတ်လိုက်တာပဲ"

သူများဆီကချေးငှားပြီး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှာ ရေနံကျင်းတစ်ခုကို ဝယ်ယူကာ ငွေကျပ်သိန်း ၄၂၀ နဲ့ ရင်းနှီးလုပ်ကိုင်ခဲ့တာဖြစ်သလို အခုထိ အရင်းမကျေသေး ဘူးလို့လည်း သူက ဆက်ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီရဲ့ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ညွှန်ကြားချက်အရ တက်မ ရေနံမြေလုပ်ငန်းရှင်တွေအနေနဲ့ မေလ ၂၁ ရက်မနက် ၆ နာရီကစပြီး ရေနံကျင်းတူးဖော်၊ ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းချနေတာတွေမလုပ်ဖို့ တားမြစ်တယ်လို့ တက်မ ရေနံမြေ လုပ်ငန်းရှင်များအဖွဲ့ကော်မတီရဲ့ မေလ ၂၀ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီထုတ်ပြန်ချက်ကို မလိုက်နာရင် တည်ဆဲဥပဒေအပြင် တက်မရေနံမြေ လုပ်ငန်းရှင် များအဖွဲ့ကော်မတီရဲ့ ဒေသန္တရ ဥပဒေအရပါ အရေးယူဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့က တက်မရေနံမှော်မှာရှိနေတဲ့ စဉ့်ကူးနယ်မြေရဲစခန်း စခန်းမှူးအပါအဝင် ငါးဦးကို ပခုက္ကူမြို့ပြပြောက်ကျားအဖွဲ့က ပစ်ခတ်တိုက်ခိုက်တာ ကြောင့် သေဆုံးခဲ့ပါတယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။