အုတ်ဖိုမြို့နယ်မှာ အမျိုးသား လေးဦး ဖမ်းဆီးသတ်ဖြတ်ခံရ

RFA Burmese
2024.12.08
အုတ်ဖိုမြို့နယ်မှာ အမျိုးသား လေးဦး ဖမ်းဆီးသတ်ဖြတ်ခံရ ပဲခူးတိုင်း၊ အုတ်ဖိုမြို့အား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့က တွေ့ရစဉ်။
Bago Region News Photo

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ် ချောင်းဂွ(ဂျီ)ရွာက ဒေသခံ အမျိုးသား လေးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ် လိုက်တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက RFA ကို ဒီဇင်ဘာလ ၈ ရက် ဒီနေ့ပြောပါတယ်။

ချောင်းဂွ(ဂျီ) ရွာက ဦးကုလား၊ ဦးခင်စိုး၊ ဦးမင်းလွင်နဲ့ ဦးစိုးကြီးတို့ လေးဦးကို ဒီဇင်ဘာ ၆ ရက်နေ့ ညမှာ စစ်ကောင်စီတပ်က အရပ်ဝတ်တွေနဲ့ လာရောက်ဖမ်းဆီးပြီး အုတ်ဖိုမြို့က စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးကို ခေါ်သွားတယ်လို့ ဆိုပါတယ်။

အဲဒီနောက် ဒီဇင်ဘာ ၇ ရက်နေ့ မနက် ၂ နာရီခန့်မှာ အဖမ်းခံရသူတွေကို သဲကုန်းရွာအနီးက ကားလမ်းမပေါ်မှာ သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပဲခူးရိုးမအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ကောင်စီတပ်သားတွေက PDF တွေ သွားတာမြင်လားဆိုပြီး အဲဒီလူတွေကို မေးတာ။ သူတို့လည်း မမြင်ဘူး ပြောကြတယ်။ ဒါကို ရွာက သတင်းပေးတစ်ယောက်က PDF တွေ ပြန်ဆုတ်သွားတဲ့အချိန် သူတို့ရှိနေတာကို လိမ်ပြောတယ်လို့ဆိုပြီး စစ်တပ်ကိုပြောတော့ မနေ့က လာဖမ်းသွားတာ။ သူတို့တွေကို အုတ်ဖို စရဖ ရုံးကို အရင်ဖမ်းခေါ်သွားပြီး မနက် ၂ နာရီလောက်မှာ သဲကုန်းရွာနားက ကားလမ်းပေါ်မှာ သေနတ်နဲ့ ပစ်သတ်တာပါ”

သတ်ဖြတ်ခံရသူတွေဟာ လယ်သမားတွေဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကို အားပေးထောက်ခံသူ တွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က ဒီဇင်ဘာ ၈ ရက်နေ့ ဒီနေ့မှာ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။

စစ်ကောင်စီတပ် ထောက်ခံတဲ့ တယ်လီဂရမ်တွေမှာတော့ အဲဒီလေးဦးကို သတ်ဖြတ်သူတွေဟာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေသာ ဖြစ်တယ်လို့ ရေးသားထားကြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ နောက်ဆုံးပတ်က အုတ်ဖိုမြို့နယ် ပဲခူးရိုးမအနီးက ရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်တာကြောင့် ဒေသခံ သုံးရာခန့် ဘေးလွတ်ရာ ထွက်ပြေးခဲ့ရပြီး အမျိုးသား သုံးဦးလည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။