ပိုးလမ်းမစီမံကိန်း ဒေသခံယုံကြည်မှု မုချလိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
2019.04.27

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Belt and Road ခေတ်သစ်ပိုးလမ်းမစီမံကိန်းအရ ပါဝင်မယ့် နိုင်ငံတွေရဲ့ အခြေခံအဆောက်အအုံတွေ တိုးတက်ပြီး ဆက်သွယ်ချိတ်ဆက်မှုတွေ မြှင့်တင်နိုင်ခြင်းအားဖြင့် အကျိုးရှိနိုင်တယ်ဆိုတာကို အသိအမှတ်ပြုကြောင်း ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ တဆက်တည်းမှာပဲ အဲဒီစီမံကိန်းတွေဟာ သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ စီးပွားရေးအရ သက်တောင့်သက်သာ ပါဝင်နိုင်တဲ့ စီမံကိန်းတွေဖြစ်ဖို့ လိုအပ်သလို လူမှုရေးနဲ့ ပတ်ဝန်းကျင်ရေးအရ တာဝန်ယူမှုရှိဖို့လည်း လိုတယ်။ အရေးအကြီးဆုံး အချက်ကတော့ ဒေသခံ လူထုအသိုင်းအဝန်းရဲ့ ယုံကြည်မှုနဲ့ ထောက်ခံမှုကို မလွဲမသွေ ရရှိဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ ဘေကျင်းမြို့မှာကျင်းပတဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်း ဆွေးနွေးပွဲမှာ စနေနေ့ မနေ့က ပြောကြားခဲ့တာပါ။ အဲဒီ ဆွေးနွေးပွဲတွေကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံ ၃၇ ခုက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။
တရုတ်သမ္မတ ရှီကျင့်ပင်ကတော့ သူတို့နိုင်ငံ ကမကထပြု ဆောင်ရွက်နေတဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်းကို ပါဝင်မယ့်နိုင်ငံတွေ တစ်နေ့တခြား တိုးပွားလာနေပြီး လက်ရှိမှာ အမေရိကန် ဒေါ်လာ ၆၄ ဘီလီယံခန့် တန်ဖိုးရှိတဲ့ စာချုပ်တွေကို လက်မှတ်ထိုးထားနိုင်ခဲ့ပြီလို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် တရုတ် သမ္မတ က ဒီစီမံကိန်းဟာ ပွင့်လင်းမြင်သာပြီး ပတ်ဝန်းကျင်ကို ထိခိုက်မယ့် အန္တရာယ်မရှိဘဲ ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အကြီးအကျယ် အထောက်အကူပြုမှာဖြစ်တယ်။ ကိုယ်ကျိုးစီးပွား ရှေ့ရှုကာကွယ်တဲ့ဝါဒနဲ့ လုပ်ကိုင်တာလည်း မဟုတ်ပါဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။ မေးခွန်းတွေတော့ သူက မေးမြန်းခွင့် မပြုပါဘူး။
တရုတ်ပြည်ရဲ့ ဒီစီမံကိန်းကို အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယနဲ့ ဥရောပနိုင်ငံ တချို့က သံသယနဲ့ စောင့်ကြည့်နေကြပါတယ်။ ဝေဖန်သူတွေက ဒါဟာ တရုတ်ပြည်က ကမ္ဘာပေါ်မှာ သူ့သြဇာ ကြီးမားအောင် တည်ဆောက်မှုတရပ်ဖြစ်တယ်။ ပါဝင်တဲ့နိုင်ငံတွေဟာ တရုတ်ပြည်ရဲ့ချေးငွေတွေကို ရယူပြီး ကြွေးတင်ကျွန်ဖြစ်မယ့် အန္တရာယ်ရှိတယ်၊ ပတ်ဝန်းကျင်ဒေသတွေကိုလည်း ထိခိုက်နိုင်တယ်လို့ ပြောနေကြပါတယ်။