ပုသိမ်မှာ ဆန္ဒပြကျောင်းသားတဦး အဖမ်းခံရ

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ဆန္ဒပြတဲ့ တက္ကသိုလ်ကျောင်းသားတဦးကို အရပ်ဝတ်နဲ့ လူတစုက ဒီကနေ့ညပိုင်းမှာ ဖမ်းဆီးသွားပါတယ်။

ပုသိမ်တက္ကသိုလ်မှာ ဥပဒေဘာသာရပ် သင်ယူနေတဲ့ စတုတ္ထနှစ်ကျောင်းသား ကိုအောင်သက်ပိုင်ကို ဘာကြောင့်ဖမ်းဆီးသွားပြီး ဘယ်ကိုခေါ်သွားလဲဆိုတာတော့ မသိရသေးပါဘူး။

ဖမ်းဆီးခံရတဲ့အချိန်မှာ အတူရှိနေတဲ့ ကိုအောင်သက်ပိုင်ရဲ့ သူငယ်ချင်းက “ ကျနော်တို့ မြို့ပြင်ခဏထွက်ပြီး ပြန်ဝင်လာတော့ မြို့ဝင်ဂိတ်မှာ ဝင်ကြေးပေးဖို့ လုပ်နေတုန်း ကျနော့်ဆီက ဆိုင်ကယ်သော့ကို ဆွဲလုပြီး ကျနော့်သူငယ်ချင်းကို ဖမ်းခေါ်သွားတာ၊ ကျနော်က ဘာလုပ်တာလဲမေးတော့ မင်းနဲ့ မဆိုင်ဘူးနောက်ဆုတ်နေ ဆိုပြီး ကျနော့်သူငယ်ချင်းတစ်ယောက်ထဲကို ဖမ်းသွားတာ၊ ဖမ်းသွားတဲ့သူတွေက အရပ်ဝတ်နဲ့ လူသုံးယောက်” လို့ RFA ကိုပြောပါတယ်။

အရပ်ဝတ်လူတွေက ကိုအောင်သက်ပိုင်ကို ဆလွန်းကားတစ်စီးပေါ် ကြမ်းကြမ်းတမ်းတမ်းဆွဲခေါ်တင်သွားပြီး အဲ့ဒီအဖြစ်အပျက်ကို မှတ်တမ်းဓာတ်ပုံ ရိုက်ယူမှုကိုလည်း တားမြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ကိုအောင်သက်ပိုင်ကို ဘယ်ကိုခေါ်သွားလဲဆိုတာ သိနိုင်ဖို့ သူ့ရဲ့မိသားစုဝင်တွေ ကြိုးပမ်းနေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပုသိမ်ရဲတပ်ဖွဲ့ကို RFA က ဆက်သွယ်လို့ မရခဲ့ပါဘူး။

ပုသိမ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလို့ ဖမ်းဆီးခံရတဲ့သူ ၆ ယောက်ရှိသွားပါပြီ။