မြို့လေးမြို့မှာ အွန်လိုင်းစနစ်နဲ့ နိုင်ငံကူးလက်မှတ် လျှောက်ထားနိုင်

RFA Burmese
2024.02.27
မြို့လေးမြို့မှာ အွန်လိုင်းစနစ်နဲ့ နိုင်ငံကူးလက်မှတ် လျှောက်ထားနိုင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ နိုင်ငံကူးလက်မှတ်ရုံးတွင် လာရောက်တန်းစီနေကြသူများအား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ကတွေ့ရစဥ်။
Citizen Journalist

မန္တလေး၊ နေပြည်တော်၊ ပုသိမ်နဲ့ ပဲခူးမြို့တို့မှာ နိုင်ငံကူးလက်မှတ် လျှောက်ထားမှုကို အွန်လိုင်းစနစ်နဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကစလို့ ဆောင်ရွက်နိုင်ပြီလို့ စစ်ကောင်စီရဲ့ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးက ကြေညာထားပါတယ်။

အဲဒီ ပြည်နယ်နှင့် တိုင်းတွေက အိမ်ထောင်စုစာရင်းမှာ မပါသူတွေကိုတော့ ဆောင်ရွက်ပေးမှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးက ဖော်ပြထားပါတယ်။

မူလကတည်း အွန်လိုင်းစနစ်နဲ့ လျှောက်ထားနိုင်တဲ့ ရန်ကုန်မြို့နဲ့ လက်ရှိလျှောက်ထားနိုင်တဲ့ မြို့လေးမြို့မှာ အွန်လိုင်းကနေ လျှောက်ထားမယ်ဆိုရင် လူဝင်မှုကြီးကြပ်ရေးရုံးက စိစစ်ထားတဲ့ UID (Unique Identification Number) ပါ ယူဆောင်လာရမယ်လို့ ဖော်ပြထားပါတယ်။

UID ဆိုတာဟာ နိုင်ငံအတွင်းနေထိုင်သူ အသက် ဆယ်နှစ်အထက် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားဖြစ်ခွင့်ရသူ၊ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် (PR) နဲ့ အမြဲနေ အခွန်ဆောင် နိုင်ငံသားတွေကို ကိုယ်ရေး အချက်အလက်၊ ဇီဝအချက်အလက်တွေ ကောက်ယူပြီး ဂဏန်းဆယ်လုံးပါ UID သတ်မှတ်ပေးတဲ့စနစ်ဖြစ်ပါတယ်။ အဲဒီကနေမှ စမတ်ကဒ်ထုတ်ပေးမှာပါ။

ဒါပေမဲ့ UID ပါမှ နိုင်ငံကူးလက်မှတ် လျှောက်ထားနိုင်မယ်ဆိုတာက လူတိုင်းအတွက် အဆင်မပြေနိုင်ဘူးလို့ ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ပြောပါတယ်။

“ပြီးခဲ့တဲ့လက ကျွန်တော်တို့ရပ်ကွက်မှာ စမတ်ကတ်လုပ်ရမယ်ဆိုပြီး ရပ်ကွက်ရုံးမှာ လုပ်ပေးတယ်။ တရားဝင်ကြေညာတာ လိုက်အော်တာ မရှိဘူး။ UID ကုတ်ပါတဲ့ စာရွက်လေးတွေ ပြန်ပေးတယ်။ ကတ်ထွက်လာဖို့တော့ ကြာဦးမယ်ပြောတယ်။ အဲဒီလို UID မရှိတဲ့သူတွေကျ ပတ်စ်ပို့စ် ဘယ်လိုလျှောက်ကြမလဲ”

နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတဲ့အခါမှာလည်း UID လိုအပ်မှာဖြစ်တယ်လို့ သူကပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာတော့ မသိရှိကြောင်းနဲ့ ပြည်ထဲရေးဝန်ကြီးဌာနကိုသာ မေးမြန်းဖို့ပြောပါတယ်။

လက်ရှိမှာတော့ ရန်ကုန်က နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှာ ကြိုတင်ရက်ချိန်းရယူသူ တစ်နေ့ကို ၂၇၀၀ လက်ခံပေးနေပြီး ဩဂုတ်လကုန်အထိ ရက်ချိန်းတွေ ပြည့်နေတာ တွေ့ရပါတယ်။

မန္တလေး၊ နေပြည်တော် ပုသိမ်နဲ့ ပဲခူးတို့မှာတော့ ရက်ချိန်းရယူသူတွေဟာ မတ်လနဲ့ မေလအထိ ပြည့်နေတယ်လို့ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။