မြဝတီက တရုတ် ငွေလိမ်ဂိုဏ်းလုပ်ငန်းအများအပြားပြောင်းရွှေ့လာတာကြောင့် ဘုရားသုံးဆူမှာ အိမ်စျေး အဆမတန်မြင့်တက်
2024.09.21

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့မှာ တရုတ်ငွေလိမ်ကျားဖျန့်လုပ်ငန်းလုပ်ကိုင်တဲ့ တရုတ်နိုင်ငံသားနဲ့ မြန်မာအလုပ်သမားတွေ မြဝတီရွှေကုက္ကိုမြို့သစ်နေရာဘက်ကနေ နေရာရွှေ့ပြောင်းလာသူ များပြားလာနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အခုစက်တင်ဘာလအတွင်း ပြောင်းရွှေ့သူပိုများလာတာကြောင့် ဘုရားသုံးဆူမြို့က နေအိမ်တွေနဲ့ အိမ်ခန်းငှားခတွေရဲ့ဈေးနှုန်းတွေ ဘတ်တစ်သောင်းကနေ ငါးသောင်းဝန်းကျင်အထိ မြင့်တက်လာသလို ရောင်းဈေးကလည်း ဘတ်သန်းချီတဲ့အထိ ရှိလာတယ်လို့ ဘုရားသုံးဆူမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
"သုံးဆူကတော့ တစ်မြို့လုံးတရုတ်တွေ မြဝတီဘက်ကပြောင်းလာတာ တော်တော်များများရောက်လာပြီ၊ အရင်က DKBA တပ်ကလူတွေပိုင်တဲ့ ခြံတို့သူတို့ခြံတို့ထဲနေကြတာ၊ အခု ရပ်ကွက်အိမ်တွေ၊ တည်းခိုခန်းတွေ၊ အိမ်ခန်းတန်းလျားတွေပါ ဌားနေတာမျိုး ဖြစ်လာတာ့ အခု လမ်းမတန်းတိုက်အိမ်ဆိုတစ်လဘတ်နှစ်သောင်းလာက်ရှိတယ်၊ခြံနဲ့ဝင်းနဲ့ နေရာကျယ်ရင်ကျယ်သလို ဘတ်ငါးသောင်းလောက်အထိ ဈေးတက်ကုန်တယ်၊ ခြံရောင်းအိမ်ရောင်း ဈေးက ဘတ်သန်းဆယ်ချီ ဈေးပေါက်တယ်"
မြန်မာအလုပ်သမားတွေနေတဲ့ အိမ်တန်းလျား၊ အဆောင်တန်လျားတွေကလည်း အရင်က တစ်ခန်းကို ဘတ်တစ်ထောင်နဲ့ သုံးထောင်ကြား ရှိတာကနေ အခု ဘတ်ငါးထောင်ကနေ ဘတ်ရှစ်ထောင်အထိ ပေးနေရတယ်လို့ ဆိုပါတယ်။
လက်ရှိ ဘုရားသုံးဆူမှာအခြေစိုက်တဲ့ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတာ် (DKBA ) နဲ့ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့တွေက မြဝတီ၊ ကော့ကရိတ်၊ တောင်ကြာအင်းလမ်းကနေ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူကို နေရာပြောင်းပေးနေတာလို့ မျက်မြင်တွေ့ရတဲ့ ဘုရားသုံးဆူဒေသခံတွေကပြောပါတယ်။
အဲဒီမှာ အိမ်ခြံမြေဌားရမ်းနေထိုင်ကြတဲ့ တရုတ်နိုငိငံသားတွေဟာ စားသာက်ဆိုင်၊ အလှပြင်ဆိုင်နဲ့ ကာစီနို၊ ဂိမ်းလောင်းကစားရုံနဲ့ ကျားဖျန့်ငွေလိမ်လုပ်ငန်းတွေ ဖွင့်ပြီး လုပ်ငန်းလုပ်ကိုင်နေကြတယ်လို့ ဆိုပါတယ်။
ဒီတရုတ်နိုင်ငံသားတွေ ဧပြီလကနေ ဩဂုတ်လအတွင်း လူထောင်ချီနဲ့ရောက်လာခဲ့ပြီး အခု စက်တင်ဘာလထဲမှာ မြဝတီနဲ့ ရွှေကုက္ကိုလ်မြို့ဘက်ကနေ သုံးထောင်ကျော် ထပ်ရောက်လာမယ်လို့ သိရကြောင်း DKBA တပ်ဖွဲ့နဲ့ နီးစပ်တဲ့ မြို့ခံတစ်ဦးကပြောပါတယ်။
“တစ်ပတ်ကို နှစ်ရက်သုံးရက်လောက် အန်စာတုံးကားတွေနဲ့ တောက်လျှောက်ဝင်နေတာ ရာကျော်ရှိနေပြီ၊ ဒီလထဲ သုံးထောင်ကျော် ဝင်ဖို့ရှိတယ်လို့လည်း ကြားနေတယ်၊ DKBA ကတော့ အဓိကပဲပေါ့၊ ကြာအင်းဆိပ်ကြီးနဲ့ သုံးဆူကတော့ ဘာအလားအလာမှ မမြင်ဘူး၊ ဂိတ်တွေပဲ တိုးလာတာ၊ တရုတ်တွေပဲ တိုးလာတာ၊ အဆင်ပြေတာဆိုလို့ လက်နက်ကိုင်တွေပဲ အဆင်ပြေကြတော့တယ်"
အခုလို DKBA တပ်ဖွဲ့၊ BGF တပ်ဖွဲ့တွေ ထိမ်းချုပ်ထားတဲ့ ဘုရားသုံးဆူမြို့ဘက်ကို တရုတ်ငွေလိမိဂိုဏ်းတွေ ပြောင်းရွှေ့လာတာနဲ့ ပတ်သက်ပြီး DKBA ဌာနချုပ် (ဆုံဆည်းမြိုင်) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိန်ဝင်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
လက်ရှိမှာတော့ ဘုရားသုံးဆူမြို့ရောက် တရုတ်နိုင်ငံသား ငွေလိမ်လုပ်ငန်းနဲ့ လောင်းကစားရုံမှာ အလုပ်လုပ်သူတွေ နေထိုင်တဲ့ အိမ်ယာခြံဝင်းတွေနဲ့ တရုတ်နိုငိငံသားတွေ အပြင်ထွက်သွားလာတာတွေကို BGF နဲ့ DKBA တပ်ဖွဲ့ဝင်တွေက လုံခြုံရေးလုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။