တရုတ်ဝန်ကြီး မြ၀တီ ကျားဖြန့်ဂိုဏ်းက ခေါ်ထုတ်ထားသူတွေနဲ့ တွေ့ဆုံ

RFA Burmese
2025.02.17
တရုတ်ဝန်ကြီး မြ၀တီ ကျားဖြန့်ဂိုဏ်းက ခေါ်ထုတ်ထားသူတွေနဲ့ တွေ့ဆုံ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများမှ ကယ်ထုတ်ထားသည့် တရုတ်နိုင်ငံသားများအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် တရုတ်ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီး လျှိုကျုံးရီ (Liu Zhoung yi) (အင်္ကျီအနက်) လာရောက်တွေ့ဆုံခဲ့စဉ်။
Citizen Photo

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်က အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) တွေကနေ ကယ်ထုတ်ထားတဲ့ တရုတ်နိုင်ငံသားတွေကို တရုတ်ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီး လျှိုကျုံးရီက (Liu Zhoung yi) ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မနက်ပိုင်းမှာ လာရောက်တွေ့ဆုံခဲ့တယ်လို့ ကရင်နယ်ခြားစောင့်တပ် (BGF) သတင်းထုတ်ပြန်ရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က RFA ကို ပြောပါတယ်။

မြ၀တီမြို့ မိုးလုံလေလုံအားကစားကွင်းနဲ့ မြ၀တီ စည်းကမ်းထိန်းသိမ်းရေးရုံးတို့မှာ ထိန်းသိမ်းထားတဲ့ တရုတ်နိုင်ငံသားတွေကို လာရောက်တွေ့ဆုံခဲ့တာလို့ ဆိုပါတယ်။

တရုတ်ဝန်ကြီး လာရောက်တွေ့ဆုံတဲ့နေရာမှာ ရွှေကုက္ကိုလ်မြို့သစ်၊ ကျားဖြန့်ဂိုဏ်းတွေကနေ ဖိအားပေးစေခိုင်းခံရတဲ့ နိုင်ငံခြားသား တစ်ထောင်ကျော်ကို ခေါ်ထုတ်ထားတာဖြစ်ပြီး အဲဒီအထဲမှာ တရုတ်နိုင်ငံသား ရှစ်ရာခန့် ပါဝင်တယ်လို့ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောပါတယ်။

"နှစ်နေရာကို လာတွေ့သွားတာ ဟုတ်ပါတယ်။ အဲဒီမှာ နိုင်ငံအစုံက နိုင်ငံခြားသား တစ်ထောင်ကျော်ရှိတယ်။ တရုတ်နိုင်ငံသား ၇၉၅ ဦး ပါတယ်။ သူတို့ကို အိမ်နီးချင်းနိုင်ငံ (ထိုင်း) ဘက်က လက်ခံဖို့ အဆင်သင့်ဖြစ်ရင် ကျွန်တော်တို့က လွှဲပြောင်းတော့မှာပါ"

လက်ထောက်ဝန်ကြီး လျှိုကျုံးရီက ထိန်းသိမ်းထားသူတွေနဲ့ တစ်နာရီကျော်ကြာ တွေ့ဆုံခဲ့ပေမဲ့ BGF နဲ့ သီးခြားတွေ့ဆုံဆွေးနွေးတာမရှိဘူးလို့ ဆိုပါတယ်။

မြဝတီဒေသမှာရှိတဲ့ ငွေလိမ်လုပ်ငန်းတွေကို စစ်ဆင်ရေးတစ်ရပ်အနေနဲ့ ရှာဖွေနှိမ်နင်းနေပြီး အဓမ္မခိုင်းစေခံထားရသူတွေကို နေရပ်ပြန်ပို့နိုင်အောင် စီစဉ်နေတယ်လို့ BGF က ပြောပါတယ်။

တရုတ်နိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသားတွေ ပြန်လွှဲဖို့ စီစဉ်နေတာကြောင့် မြဝတီမြို့မှာ ပုံမှန်ထက် လုံခြုံရေးတွေ တင်းကျပ်ထားတယ်လို့ အမည်မဖော်လိုတဲ့ မြဝတီမြို့ခံတစ်ဦးက ပြောပါတယ်။

"၉ နာရီခွဲတုန်းကတော့ ထိုင်းဘက်က ကား ၁၁ စီးပေါ့နော်၊ ထိုင်းကားချည်းပဲ ရှစ်စီးလားမသိဘူး။ ကျန်တာကတော့ ရဲကားတွေပါ အကုန်လုံး ဒီဘက်ကိုဝင်တယ်။ တံတား ၂ ကနေ ဝင်တယ်။ ပန်းခြံနား city home မှာ အစည်းအဝေးရှိတယ်။ ညစျေးကနေစပြီးတော့ ဒီဘက် တံတား (၂) အထိကို လုံခြုံရေးယူထားတယ်။ ဟိုးဘက်ကျတော့ အောင်မြေရွှေဘုံအထိကို ယူထားတယ်။ မြေနီကုန်းကနေ Dream world ဟိုတယ်အထိကို ယူထားတယ်။ တစ်မြို့လုံး ပြောရမယ်ဆို အာရှလမ်းသစ်နဲ့ လမ်းဟောင်း နှစ်ဖက်စလုံးကို အကုန်လုံးယူထားတယ်။ အလွှဲအပြောင်းလုပ်မယ်ဆိုတော့ သူတို့ ဒီအစည်းအဝေးအခမ်းအနားတွေနဲ့ လက်မှတ်ထိုး ဘာထိုးညာထိုးပြီးသွားတာနဲ့ အားလုံးလွှဲမယ်ထင်တယ်"

တရုတ်ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီးဟာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း နေပြည်တော်ကိုသွားရောက်ခဲ့ပြီး စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ နယ်စပ်ဖြတ်ကျော်မှုခင်းတွေ တိုက်ဖျက်ရေးနဲ့ တရုတ်-မြန်မာ-ထိုင်း သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။