ဆိုက်ဘာလိမ်လည်မှုတွေနဲ့ ဆက်စပ်သူ တစ်သောင်းကို ထိုင်းဆီ လွှဲပေးမယ်လို့ BGF ပြော
2025.02.15

ကရင်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်နယ်မြေတွေမှာရှိတဲ့ ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေက လူပေါင်း တစ်သောင်းကို ထိုင်းနိုင်ငံဆီ လွှဲပေးဖို့ BGF ခေါင်းဆောင်တွေ စီစဉ်နေတယ်လို့ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ AFP သတင်းက ဖော်ပြပါတယ်။
BGF ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနိုင်မောင်ဇော်က “ကျွန်တော်တို့နယ်မြေထဲကနေ ဒီလိမ်လည်မှုအားလုံးကို ဖယ်ရှားပစ်မယ်လို့ ကြေညာထားပြီးဖြစ်ပါတယ်။ အခုအကောင်အထည်ဖော်နေတာဖြစ်တယ်" လို့ AFP သတင်းဌာနကို ပြောထားပါတယ်။ စာရင်းပြုစုထားတဲ့ လူ တစ်သောင်းလောက်ကို လွှဲပြောင်းပေးဖို့ ပြင်ဆင်ထားပြီး နေ့စဉ် အယောက် ၅၀၀ နှုန်းနဲ့ လွှဲပေးဖို့ ပြင်ဆင်နေတယ်လို့လည်း ဆိုပါတယ်။
ဖေဖော်ဝါရီလ ၁၅ ရက်မှာပဲ ထိုင်း-မြန်မာ နှစ်နိုင်ငံပူးပေါင်းပါဝင်တဲ့ နယ်ခြားကော်မတီ (TBC) အဖွဲ့တာဝန်ရှိသူတွေဟာ ငွေလိမ်လုပ်ငန်းတွေက လူကုန်ကူးခံရတဲ့ နိုင်ငံခြားသားတွေ ပြန်ပို့ဆောင်ရေးမှာ အကူအညီပေးဖို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာ လွှဲပြောင်းတာတွေ မလုပ်ခင် သုံးရက်ကနေ ငါးရက်အတွင်း လူကုန်ကူးခံရသူတွေရဲ့ စာရင်းနဲ့ အချက်အလက်တွေ ကြိုပေးဖို့၊ တစ်ရက်ကို လူ ၅၀၀ လောက်သာ လွှဲပြောင်းပေးဖို့နဲ့ အမှတ် ၂ ချစ်ကြည်ရေးတံတားက လွှဲပြောင်းပေးဖို့ စတဲ့ အချက်တွေကို ထိုင်းနိုင်ငံဘက်က တောင်းဆိုခဲ့တယ်လို့ ထိုင်းအခြေစိုက် Khaosod English သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းအစိုးရရဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) က BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ အပါအဝင် သုံးဦးကို လူကုန်ကူးမှုသံသယနဲ့ ဖမ်းဝရမ်းတောင်းခံထားပြီး BGF ဘက်ကတော့ လူကုန်ကူးမှုတွေမှာပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားပါတယ်။ တစ်ချိန်တည်းမှာပဲ BGF နယ်မြေအတွင်း လူကုန်ကူးတာတွေ၊ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ပပျောက်ရေးလုပ်ဆောင်လာပါတယ်။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကပဲ ကရင်ပြည်နယ် မြ၀တီမြို့နယ် ရွှေကုက္ကိုမြို့သစ်မှာရှိတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းနေရာတွေကို တစ်ပြိုင်နက်တည်း ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ပါတယ်။
စစ်ကောင်စီက မြဝတီ-ရွှေကုက္ကိုနယ်မြေထဲမှာရှိတဲ့ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေ၊ အွန်လိုင်း လောင်းကစားလုပ်ငန်းတွေဆီ လူကုန်ကူးခံထားရတဲ့ တရုတ်နိုင်ငံသား အမျိုးသား ၁၉၄ ဦးနဲ့ အမျိုးသမီး ၆ ဦး တို့ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဖမ်းဆီးရမိထားတယ်လို့ ကြေညာခဲ့ပါတယ်။ သူတို့ကို တရုတ်နိုင်ငံဆီ လွှဲပြောင်းပေးသွားမယ်လို့ဆိုပါတယ်။
အဲဒီနေ့မှာပဲ တရုတ်ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန လက်ထောက်ဝန်ကြီး Mr. Liu Zhong Yi ဦးဆောင်တဲ့အဖွဲ့ နေပြည်တော်ကို ရောက်နေပြီး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နဲ့ တွေ့ဆုံကာ မြန်မာ-တရုတ် နှစ်နိုင်ငံ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စတွေ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့၊ အွန်လိုင်းအသုံးပြုလောင်းကစားမှုတွေနဲ့ ဆက်သွယ်ရေးလိမ်လည်မှုတွေအပါအဝင် နယ်စပ်ဖြတ်ကျော် မှုခင်းတွေကို နှစ်နိုင်ငံပူးပေါင်းတားဆီးနှိမ်နင်းဖို့ ဆွေးနွေးခဲ့ကြပါတယ်။