အာဏာသိမ်းခဲ့တဲ့ တစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီက အကြိမ်ကြိမ်ပေးခဲ့တဲ့ လွတ်ငြိမ်းသက်သာခွင့်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ရှစ်ရာခိုင်နှုန်းသာ ပါဝင်တယ်လို့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ISP Myanmar က ဧပြီလ ၂၀ ရက်နေ့က ထုတ်ပြန် ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဧပြီ ၁၈ ရက်အတွင်း စစ်ကောင်စီက ကြေညာခဲ့တဲ့ လွတ်ငြိမ်းသက်သာခွင့် ခုနစ်ကြိမ်ထဲမှာ နိုင်ငံတစ်ဝန်းလုံးက အကျဉ်းထောင်၊ အချုပ်ထောင်တွေထဲမှာ အမှုရင်ဆိုင်ဆဲသူတွေနဲ့ ထောင်ကျနေသူတွေထဲက စုစုပေါင်း ၅၇,၀၉၁ ဦး ရှိခဲ့တာပါ။
ဒီအထဲမှာ နိုင်ငံရေးနဲ့ ဆက်နွှယ်ပြီး ဖမ်းဆီး၊ ချုပ်နှောင်ခံရသူ ၄၅၅၆ ဦးသာ ပါဝင်ခဲ့တာ ကြောင့် စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်တွေဟာ အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ သူတွေကို ဦးတည်ပြီး ပေးတာမဟုတ်ဘူး ဆိုတာ သိသာထင်ရှားတယ်လို့ ISP Myanmar က ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဧပြီ ၂၁ ရက်အတွင်းမှာ စစ်အာဏာ သိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် နိုင်ငံတစ်ဝန်းလုံးမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့သူ စုစုပေါင်း ၁၃,၃၂၆ ဦးထိ ရှိနေပါပြီ။
တချို့နိုင်ငံရေးအကျဉ်းသားတွေဟာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်စာရင်းမှာ ပါဝင်ခဲ့ပေမယ့် တကယ်လွှတ်မပေးတာ၊ လွှတ်ပေးပြီး အချိန်ပိုင်း၊ ရက်ပိုင်းတွင်း ပြန်လည်ဖမ်းဆီးတာ၊ လွှတ်ပေးဖို့ ဟန်ပြင်ပြီး ထောင်ဘူး၀ရောက်မှ ထောင်ထဲကို ပြန်ခေါ်သွားတာ စတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားတွေအရေး ကူညီပေးနေသူတွေက ပြောပါတယ်။
လွှတ်ပြီးမှ ပြန်ဖမ်းဆီးခံရတဲ့ အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာတော့ RFA က အတည်မပြုနိုင်သေးပါဘူး။
အကျဉ်းထောင်တွေထဲ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ညှဥ်းပန်းနှိပ်စက် ခံရတာ၊ စစ်ကြောရေးမှာရလာတဲ့ ဒဏ်ရာတွေကို ဆေးကုသခွင့်မပေးတာ၊ မူလရှိပြီးသား ရောဂါတွေအတွက် ပုံမှန်သောက်နေရတဲ့ ဆေးဝါးတွေ တင်သွင်းခွင့် မပေးတာ၊ မိသားစု တွေနဲ့ ထောင်ဝင်စာ တွေ့ခွင့်မပေးတာ စတဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ညှဥ်းပန်းနှိပ်စက်မှု တွေကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခံနေရတယ်လို့ AAPP က ပြောဆိုထားပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ ခြွင်းချက်မရှိ ချက်ချင်းလွှတ်ဖို့က ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးအတွက် ပထမဆုံးခြေလှမ်းဖြစ်တာကြောင့် နိုင်ငံတကာ ကလည်း စစ်ကောင်စီအပေါ် လုံလောက်တဲ့ ဖိအားပေးမှုတွေ လုပ်ဆောင်ဖို့ AAPP က တိုက်တွန်းထားပါတယ်။