ရွေးကောက်ပွဲမှာ တပ်တွင်းမဲရုံတချို့ကိုသာ အပြင်ထုတ်ပေးနိုင်မယ်လို့ တပ်မတော်ပြော

သက်စုအောင်၊ သီဟထွန်း
2020.07.25

၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီးမျှတဖို့ တပ်မတော်က ကူညီမှာဖြစ်ပေမယ့် တပ်တွင်းမဲရုံအားလုံးကို အပြင်ထုတ်မပေးနိုင်ဘဲ၊ တချို့ကို တပ်တွင်းမှာပဲ ဆက်ထားရမယ်လို့ ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောလိုက်တာပါ။

"တချို့မဲရုံတွေမှာ အပြင်ထုတ်နိုင်တဲ့ မဲရုံတွေရှိတယ်။ တချို့မဲရုံတွေကတော့ ဒီတပ်ပဲ သီးသန့်ရှိနေတဲ့ ဟာတွေမှာ အပြင်မထုတ်နိုင်တဲ့ မဲရုံတွေရှိတယ်။ ဘယ်လိုပဲပြောပြော ကျနော်တို့က ယခင်ကလည်း ပြောပြီးသားဖြစ်တယ်။ ရွေးကောက်ပွဲကော်မရှင်က ပြဌာန်းထားတဲ့ ဥပဒေတွေ၊ ရွေးကောက်ပွဲ ကော်မရှင်က ပြဌာန်းထားတဲ့ စည်းမျဉ်းတွေအတိုင်း ကျနော်တို့ လိုက်နာဆောင်ရွက်သွားမှာဖြစ်တယ်။ ခုန တပ်မတော်သားတွေနဲ့ တပ်မတော်သားတွေရဲ့ မိသားစုဝင်တွေရဲ့ မဲစာရင်း၊ မဲစာရင်းများကို ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ထားတဲ့ရက်အတိုင်း ပေးပို့သွားမှာဖြစ်ပါတယ်။ ခုချိန်ထိတော့ ကျနော် သိရသလောက် ကတော့ ပေးပို့ထားတာ မရှိသေးပါဘူး။ ရွေးကောက်ပွဲကော်မရှင်က ဒါတွေ ပြီးရင် အားလုံးကို ထုတ်ပြန်ပါလိမ့်မယ်။"

ဘာကြောင့် တပ်တွင်းမဲရုံအားလုံးကို အပြင်မထုတ်နိုင်တာလဲဆိုတဲ့အချက်နဲ့ပတ်သက်ပြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြသွားတာ မရှိပါဘူး။

ပြီးခဲ့တဲ့ မတ်လ အမျိုးသားလွှတ်တော်အစည်းဝေးတစ်ခုမှာတော့ တပ်မတ်ောသား လွှတ်တော် ကိုယ်စားလှယ်တွေ က တပ်တွင်းမဲရုံတွေ အပြင်ထုတ်မယ့်ကိစ္စကို ကန့်ကွက်ခဲ့ဖူးပါတယ်။

တပ်မတော်သားတွေရဲ့အင်အား မဲစာရင်းဟာ၊ တပ်ရဲ့သဘောသဘာဝအရ ထိပ်တန်းလျှို့ဝှက်ထားရှိရမှာမို့၊ ကြိုတင်ဆန္ဒမဲပေးမယ့် တပ်မတော်သားတွေနဲ့ပတ်သက်ပြီး ပေါက်ကြားမှုမရှိဖို့ လိုအပ်တယ်လို့ တပ်မတ်ောသား ကိုယ်စားလှယ်တွေက လွှတ်တော်အတွင်း ဆွေးနွေးခဲ့ဖူးပါတယ်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းရဲ့ ပြောကြားချက်နဲ့ တပ်တွင်းမဲရုံကိစ္စတွေအကြောင်း အသေးစိတ်သိနိုင်ဖို့အတွက် နေပြည်တော်ရှိ ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့်၊ ပြန်လည် ဖြေကြားခြင်း မရှိပါဘူး။

ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတစ်ဦးဖြစ်တဲ့ မမြနန္ဒာသင်းကတော့၊ တပ်မိသားစုတွေအတွက် မဲရုံအားလုံးကို တပ်တွင်းမှာ မထားဘဲ၊ အပြင်ထုတ်ပြီး မဲပေးနိုင်မယ်ဆိုရင် ပိုပြီးပွင့်လင်းမြင်သာမှု ရှိမယ်လို့ မှတ်ချက်ပေးပါတယ်။

“တပ်မဲရုံတွေကို အပြင်ထုတ်ခြင်းအားဖြင့်ကတော့၊ ဘာတွေဖြစ်သွားမလဲဆိုရင် ပိုပြီးတော့မှ ပွင့်လင်းမြင်သာမှု ရှိလာတယ်ပေါ့နော်၊ ဒီရွေးကောက်ပွဲရဲ့ ဖြစ်စဉ်မှာ နံပတ် (၁) အနေနဲ့ကတော့၊ ပွင့်လင်းမြင်သာမှုရှိတယ်လို့ ခံစားရတယ်။ နောက် ဒုတိယတစ်ချက်အနေနဲ့ကတော့ မဲစာရင်းကိစ္စပေါ့နော်၊ မဲစာရင်းကိစ္စဆိုလို့ရှိရင် အခုဆိုရင် ဒီမဲပေးမယ့် တပ်မတော်သားတွေရဲ့ စာရင်းလည်း သိရမယ်ပေါ့နော်။ စာရင်းသိရတယ် ဆိုတာထက်စာလို့ရှိရင်တော့ ဒီလိုမျိုးပုံစံနဲ့ မဲပေးတယ်ဆိုလို့ရှိရင်၊ ဒါရွေးကောက်ပွဲဖြစ်စဉ်ပေါ်မှာ နိုင်ငံရေး ပါတီတွေကရော ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးလုပ်နေတဲ့ အဖွဲ့အစည်းအားလုံးကလည်း ပိုပြီးတော့မှ ယုံကြည်မှုတွေရှိလာမယ်ပေါ့နော် ဒီရွေးကောက်ပွဲ ဖြစ်စဉ်အပေါ်မှာလေ။”

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့၊ နိုင်ငံရေးနဲ့ပတ်သက်ရင် တပ်မတော်ရဲ့ယုံကြည်ချက်က ပါတီစုံဒီမိုကရေစီ စနစ်ဖြစ်တာမို့၊ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ၊ လွတ်လပ်မျှတဖို့အတွက် လိုအပ်တဲ့နေရာတိုင်းမှာ လုံခြုံရေး ဆောင်ရွက်ပေးသွားမယ်လို့ ဒီနေ့သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

ကချင်ပြည်နယ်လိုနေရာမျိုးဟာ၊ အခုလိုမိုးရာသီမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့်၊ မဲပုံးတွေ အချိန်မှီ ရောက်နိုင်ရေးနဲ့ မဲပေးပြီးသားလက်မှတ်တွေကို အချိန်မီ ပြန်လည်သယ်ယူ‌ရေးကိစ္စတွေမှာ၊ လိုအပ်ရင် ကူညီပေးဖို့ အဆင်သင့်ရှိတယ်လို့ ဆိုပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ တပ်မတော်ကနေ အနားယူပြီး နိုင်ငံရေးလုပ်ဖို့ ရှိပါသလားဆိုတဲ့ သတင်းထောက်တစ်ဦးရဲ့ အမေးကို ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “အဲကိစ္စနဲ့ ပတ်သက်လို့ ကတော့ ကျနော် ခနခန ပြောပြီးသားဖြစ်ပါတယ်။ ပြောပြီးသားဆိုတာက နိုင်ငံ့တာဝန်ထမ်းဆောင်ဖို့ အနေနဲ့ကတော့၊ ဒါ အတွေ့အကြုံအရသော်လည်းကောင်း ဒါ လုပ်ခဲ့တဲ့ လုပ်ငန်းတွေအရသော်လည်းကောင်း၊ ဒါ နိုင်ငံ့တာဝန်ထမ်းဆောင်နိုင်ဖို့အတွက် အသင့်ရှိပါတယ်။ ခုနပြောတဲ့ဟာတွေကတော့ ကျနော်တို့ ပြောဖို့တော့ စောပါသေးတယ်” လို့ ရှင်းပြသွားပါတယ်။*

ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ရွေးကောက်ပွဲနဲ့ တပ်တွင်းမဲရုံကိစ္စအပြင်၊ ရခိုင်ပြည်နယ်က အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ အရပ်သားတွေ ဖမ်းဆီးခံနေရတဲ့ကိစ္စနဲ့ လာမယ့် သြဂုတ်လထဲမှာကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံအစည်းအဝေးနဲ့ ပတ်သက်တာတွေကိုလည်း သတင်းထောက်တွေက မေးမြန်းခဲ့ကြပါတယ်။

သတင်းထောက်တစ်ဦးက “ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး ဖမ်းဆီးထားတဲ့အထဲမှာ အမျိုးသမိးတွေ ပါသလားဆိုတဲ့အမေးကို၊ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “စစ်အရေးအရ တိုက်ခိုက်တဲ့အထဲမှာ ပါနေရင်၊ ရန်သူအဖြစ် သတ်မှတ်ထားတာမို့ အမျိုးသမီး၊ အမျိုးသား မခွဲခြားဘဲ ဥပဒေအရ ဆောင်ရွက်သွားမယ်” လို့ ပြန်လည်ဖြေကြားသွားပါတယ်။

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ဖျက်ရေးခေါင်းစဥ်နဲ့ တပ်မတော်က AA ကို အမြစ်ပြတ်ချေမှုန်းရာမှာ အင်အားဘယ်လောက်သုံးပြီး နှိမ်နင်းနေပါသလဲဆိုတဲ့ RFA-ရဲ့ အမေးကိုတော့ “လုံလောက်တဲ့ အင်အားသုံးပြီး ဖြေရှင်းနေတယ်” လို့ ဆိုပါတယ်။

လာမယ့် သြဂုတ်လထဲမှာကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံအစည်းအဝေးမှာ၊ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ တက်ဖို့ရှိပါသလားဆိုတဲ့ သတင်းထောက်တစ်ဦးရဲ့ အမေးကိုတော့ ”မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေ တက်မတက်ဆိုတာဟာ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကောင်စီ- NRPC နဲ့သာ သက်ဆိုင်ပြီး၊ လာတက်ရင် တပ်မတော်က လုံခြုံရေးအရ အာမခံချက်ပေးနိုင်တယ်” လို့ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြန်လည်ဖြေကြားသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။