ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ မဲပုံး ၃ပုံးကို ရပ်ကျေးမဲရုံဝန်ထမ်းတွေက ဖွင့်ဖေါက်လိုက်တဲ့အတွက် မြို့နယ်ကော်မရှင်တာဝန်ရှိသူတွေ နဲ့ အန်အယ်လ်ဒီ ပါတီက တာဝန်ရှိသူတွေ မနေ့ညက ဆွေးနွေးခဲ့ကြပါတယ်။
လားရှိုးမြို့နယ် ဟိုနမ့်ကျေးရွာကနေ သယ်ဆောင်လာတဲ့ မဲပုံး ၃ ပုံးကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးထံ မပို့ဘဲ ကော်မရှင်ရုံးအနီးက အဏ္ဏဝါဓါတ်ပုံနဲ့ မိတ္တူဆိုင်မှာ ဖွင့်ဖောက်နေတဲ့အတွက် အန်အယ်လ်ဒီပါတီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားလိုက်တာဖြစ်ပါတယ်။
အဲဒီ မဲပုံး ၃ပုံးထဲက ပြည်သူ့လွှတ်တော်မဲပုံးကို ဖွင့်ဖေါက်ထားပြီး မဲထည့်တဲ့ စာအိတ်တွေလည်း ပွင့်နေတယ်လို့ သိရပါတယ်။
မနေ့ကလည်း စစ်ကိုင်းတိုင်း ကလေးမြို့က မိတ္တူကူးတဲ့ဆိုင်တစ်ဆိုင်မှာ ကြိုတင်မဲလို့ ယူဆရတဲ့ မဲလက်မှတ်တွေ ကို ကော်နဲ့ကပ်နေတဲ့ ဗီဒီယိုဖိုင်ကို အာအက်ဖ်အေ က ရရှိခဲ့ပါတယ်။ အဲဒီဆိုင်မှာ ကော်နဲ့ကပ်နေတဲ့ ကြိုတင်မဲတွေဟာ ဘယ်ကမဲတွေလည်းဆိုတာ မသိရှိရပါဘူး။
