သထုံနဲ့ ညောင်လေးပင်မှာ ဒုက္ခသည် တစ်သိန်းခွဲကျော်ပြီလို့ KNU ထုတ်ပြန်

2022.08.14
သထုံနဲ့ ညောင်လေးပင်မှာ ဒုက္ခသည် တစ်သိန်းခွဲကျော်ပြီလို့ KNU ထုတ်ပြန် တိုက်ပွဲများကြောင့် ထွက်ပြေးနေရသည့် ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှ ဒေသခံများအား ၂၀၂၂ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့က တွေ့ရစဉ်။
Photo: Kyaukkyi Karen Youth

မွန်ပြည်နယ်၊ သထုံမြို့နယ်နဲ့ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ထဲက ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေမှာ အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း စစ်ဘေး ဒုက္ခသည်ပေါင်း တစ်သိန်းခွဲကျော် ရှိနေတယ်လို့ KNU က ဩဂုတ်လ ၁၄ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

KNU တပ်မဟာ (၁) နယ်မြေ သထုံနဲ့ တပ်မဟာ (၃) နယ်မြေ ညောင်လေးပင်မြို့ တို့မှာ စစ်ဘေးဒုက္ခသည်ပေါင်း တစ်သိန်းခွဲကျော် (၁၅၄,၈၆၆) ရှိနေပြီး ဒီဒေသတွေ အပါအဝင် တပ်မဟာ (၇) ခုလုံးက စစ်ဘေးဒုက္ခသည်တွေအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ KNU ဗဟိုက ဖော်ပြထားပါတယ်။

စစ်ဘေးဒုက္ခသည် အများဆုံးရှိနေတဲ့ သထုံမြို့နယ်မှာ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ KNU ဒူးသထူခရိုင် ပြန်ကြားရေးတာဝန်ခံက RFA ကို ပြောပါတယ်။

"လိုတာကတော့ ဆေးဝါးတွေပဲ။ မိုးကလည်း တအားရွာတော့ဗျာ၊ ဖျားတာ၊ နာတာတို့၊ ငှက်ဖျားပိုးတွေကတော့ ကြုံရတာပေါ့ဗျာ။ စားဖို့၊ သောက်ဖို့ ကုန်ဈေးနှုန်းတွေကလည်း အဆမတန်ကြီးလာတော့ ကူညီကြတဲ့ ပရဟိတတွေကလည်း တတ်နိုင်သလောက်တော့ လုပ်ပေးကြတာပေါ့။ သူတို့ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ လိုသလောက်တော့ မရ၊ အတိုင်းအတာတစ်ခုထိပဲ ရတာပေါ့"

7cab947f-e5ca-4ac7-8567-831835fe2241.jpeg
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းမှာ တွေ့ရသည့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့က စစ်ကောင်စီတပ်ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်ခွံတစ်ခုကို တွေ့ရစဉ်။ (Photo: KNU)

လက်ရှိ သထုံမြို့နယ်အတွင်းက စစ်ဘေးဒုက္ခသည်တွေဟာ မိုးကာစတွေနဲ့ နေထိုင်ကြရ သလို စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့မယ့် လမ်းကြောင်းတွေကိုလည်း စစ်ကောင်စီက စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

KNU ဗဟိုကတော့ ကော်သူးလေအုပ်ချုပ်မှု နယ်မြေအတွင်းက စစ်ဘေးဒုက္ခသည်တွေ အတွက် အစားအစာ၊ ဆေးဝါး၊ နေထိုင်ရေး၊ အမိုးအကာ စတဲ့ လိုအပ်ချက်တွေ မြင့်တက် လာနေတယ်လို့ ရေးသားထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဇူလိုင် ၃၁ ရက်နေ့ စာရင်းအရ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ဘေးဒုက္ခသည်ပေါင်း ရှစ်သန်းခြောက်သောင်းကျော် ရှိလာပြီး အာဏာမသိမ်းခင်က ဒုက္ခသည်တွေ အပါအဝင် ဆိုရင် စုစုပေါင်း ၁ ဒဿမ ၂ သန်း အထိ ရှိနေပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။