ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွေထဲမှာ ၂၀၂၂ ခုနှစ်ရဲ့ ပထမ ခြောက်လအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) နဲ့ ပူးပေါင်းတပ်တို့ တိုက်ပွဲပေါင်း ၂၆၀၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ ဇူလိုင်လ ၆ ရက် မနေ့က ထုတ်ပြန်ပါတယ်။
ဇန်နဝါရီလကနေ ဇွန်လအထိ ခြောက်လတာကာလအတွင်းမှာ တိုက်ပွဲကြီး၊ တိုက်ပွဲငယ် စုစုပေါင်း ၂၆၈၆ ကြိမ်မှာ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် BGF တွေဘက်က ၂၂၀၈ ဦး သေဆုံးပြီး ၁၅၄၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (KNDO) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဘက်က ၈၄ ဦး သေဆုံးခဲ့ပြီး ၁၇၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လက်ရှိမှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်သလို စစ်ကောင်စီတပ်ရဲ့ ထိုးစစ်တွေကြောင့် နောက်ပိုင်းမှာလည်း KNU ထိန်းချုပ်နယ်မြေတွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန် နိုင်ဖွယ်ရှိတယ်လို့ KNDO အရာရှိ ဗိုလ်စလုံးက ပြောပါတယ်။
"အခုက ကျနော်တို့မတိုက်ရင်လည်း ပြည်သူတွေက ဒုက္ခတွေ ရောက်နေကြတယ်။ ပြေးဖို့မြေလည်း မရှိကြတော့ဘူး။ အိမ်ရှိလည်း အိမ်နေမရ၊ ရွာရှိလည်း ရွာနေမရ၊ ကိုယ့်နိုင်ငံမှာလည်း ကိုယ်နေမရ။ သူတို့လုပ်နေကြတာ ညီအစ်ကိုလည်းမသိ၊ မောင်နှမ လည်း မသိ။ အနိုင်ချည်းပဲ ဒါမျိုးလုပ်နေတော့ ကျနော်တို့လည်း ပြေးဖို့မြေမရှိတော့ဘူး။ ပူးပေါင်းပြီးတော့ တာဝန်ထမ်းဆောင်ရမှာ။ သူတို့လုပ်နေတာက ဥပဒေလည်း မသိတော့ဘူး။ သစ္စာလည်း မသိတော့ဘူး။ နောက်ပိုင်းတော့ တိုက်ပွဲတွေက ပိုပြင်းထန် လာနိုင်တယ်"
ခြောက်လတာကာလအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား ၇၂ ဦး သေဆုံးခဲ့ပြီး နောက်ထပ် အရပ်သား ၁၅၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
နှစ်ဖက်ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ KNU ရဲ့ ထုတ်ပြန်ချက် ကိန်းဂဏန်း တွေဟာ မှန်ကန်မှုမရှိသလို အရပ်သားတွေအပေါ် ပစ်မှတ်ထားတာလည်းမရှိဘူးလို့ RFA ကို ယခင်က တုံ့ပြန်ထားပါတယ်။
ဇွန်လ နောက်ဆုံးအပတ်က ဖြစ်ပွားခဲ့တဲ့ မြဝတီမြို့နယ် ဝေါလေဒေသ ဥကရစ်ထတိုက်ပွဲ မှာတော့ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ အလွန်အကျွံ အသုံးပြုခဲ့ပြီး လေးရက်တာအတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၉၄ ကြိမ် ရှိခဲ့တယ်လို့ ဇူလိုင်လ ၅ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။