အရာတော်မြို့နယ်မှာ ရက်ပေါင်း ၇၀ ကျော်အတွင်း နေအိမ် ၈၀၀ ကျော်မီးရှို့ခံရ

2022.07.24
အရာတော်မြို့နယ်မှာ ရက်ပေါင်း ၇၀ ကျော်အတွင်း နေအိမ် ၈၀၀ ကျော်မီးရှို့ခံရ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှ မလဲသာကျေးရွာ မီးလောင်ကျွမ်းခဲ့သည်အား ၂၀၂၂ ခုနှစ် မေလ ၂ ရက်နေ့က တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ မေလ ၂ ရက်နေ့ကနေ ဇူလိုင် ၁၃ ရက်နေ့အထိ ရက်ပေါင်း ၇၀ ကျော်အတွင်း စစ်ကောင်စီတပ်သားတွေကြောင့် အိမ်ပေါင်း ၈၂၃ အိမ် မီးလောင်ကျွမ်းခဲ့ရတယ်လို့ အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၃ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။

အဲဒီထဲမှာ မလဲသာရွာက အိမ်ပေါင်း ၆၁၈ လုံး၊ ထန်းတောကုန်းရွာက ၈၉ လုံး၊ စက်ရွာက ၁၁ လုံး၊ အုပ်ရှစ်ကြီးရွာက ရှစ်လုံး၊ သစ်ချိုရွာက ၂၇ လုံး၊ ဟင်္သာရွာက ၂၃ လုံးနဲ့ ဆင်တ လည်ရွာက ၃၉ လုံး ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

ဒီလို အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေကို မှတ်တမ်းတင်ထားပြီး နိုင်ငံ တကာတရားရုံး (ICJ) မှာ သက်သေအဖြစ် တင်သွင်းသွားမယ်လို့ အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ရေးသားထားပါတယ်။

ဒီဖော်ပြချက်မှာပါတဲ့ မလဲသာရွာကို မေလ ၂ ရက်နေ့က စစ်ကောင်စီ စစ်ကြောင်းဝင် ရောက်လာပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာ၊ နေအိမ်တွေကို မီးရှို့ တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ဖြေဆိုဖူးပါတယ်။

အဲဒီ မလဲသာရွာဟာ အိမ်ခြေ ၆၀၀ ကျော်ရှိပြီး လူသုံးထောင်လောက် နေထိုင်တဲ့ ရွာကြီး တစ်ခုဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၅ ရက်ကလည်း ထန်းတောကုန်းရွာက နေအိမ်ရှစ်လုံး၊ မေလ ၂၆ ရက်မှာ ရွှေတွင်းကုန်း၊ စက်ရွာ၊ အုပ်ရှစ်ကြီးရွာ၊ မေလ ၂၉ ရက်နေ့မှာ သစ်ချိုရွာ၊ ဟင်္သာရွာ၊ ဇူလိုင်လ ၁၃ ရက်မှာ ဆင်တလည်ရွာတို့ဟာ အသီးသီး မီးရှို့ခံခဲ့ရတယ်လို့ ဒီစာရင်းတွေမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ နေအိမ်နဲ့ ရွာတွေကို စစ်ကောင်စီ တပ်သားတွေ မီးရှို့တာ ဘယ်တော့မှမရှိဘူးလို့ RFA က ပြီးခဲ့တဲ့လတွေ မေးမြန်းစဉ်မှာ ငြင်းဆိုထားပါတယ်။

သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် မေလ ၃၁ ရက်နေ့အထိ ထုတ်ပြန်ထားတဲ့ စာရင်းအရ စစ်ကိုင်း တိုင်းမှာ နေအိမ်ပေါင်း ၁၃၈၄၀ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။