ချင်းပြည်နယ် ပလက်ဝမြို့နယ် အဘောင်သားကျေးရွာနဲ့ ရုပ်ဝကျေးရွာကြားမှာ မေလ ၂၆ ရက် ဒီနေ့ မနက်ပိုင်းက စပြီး ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
သေနတ်သံတွေ အဆက်မပြတ်ကြားရသလို လက်နက်ကြီးသံတွေလည်း အချက် ၂၀ ထက် မနည်း ကြားနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အဘောင်သား ရွာသား တစ်ဦးက ပြောပါတယ်။
"ကျမတို့ ရွာဘက်မှ တိုက်ပွဲဖြစ်နေတယ်။ လက်နက်ကြီးသံတွေ၊ သေနတ်သံတွေ ကြားရတယ်။ လက်နက်ကြီးက အချက် ၂၀ လောက်ရှိပြီ"
ပလက်၀မြို့ကနေ ခြောက်မိုင်လောက်ဝေးတဲ့ အဘောင်သားကျေးရွာနဲ့ ရုပ်၀ကျေးရွာနားကို ပလက်၀မြို့ စစ်ကောင်စီတပ်ရင်းထဲကနေ လက်နက်ကြီးတွေ လှမ်းပစ်နေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ခိုင်သုခနဲ့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပေမယ့် မွန်းလွဲ ၂ နာရီလောက်အထိ အကြောင်းမပြန်ပါဘူး။
ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့ကလည်း ပလက်၀မြို့ နယ် သံတောင်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းကို ရိက္ခာလာပို့တဲ့ စစ်ရဟတ်ယာဉ်ကို ရက္ခိုင့်တပ်တော် (AA) က သံတောင်တစ်ဖက်ကမ်းကနေ ပစ်ခတ်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံ အချို့က ပြောပါတယ်။ ဒါပေမဲ့ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ပစ်ခတ်မှုမရှိကြောင်း RFA ကို အဲဒီနေ့က ပြောဆိုပါတယ်။
ရက္ခိုင့်တပ်တော် (AA) အခြေပြုလှုပ်ရှားရာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ အခုနောက်ပိုင်း နှစ်ဖက် စစ်ရေးတင်းမာမှုတွေ ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရက္ခိုင့်တပ်တော် (AA) က နှစ်ဖက်တိုက်ပွဲတွေ အချိန်မရွေး ဖြစ်ပွားလာနိုင်ကြောင်း သတိပေး ထုတ်ပြန်ထားသလို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ရခိုင်မှာ ပြဿနာဖြစ်လာရင် စစ်တပ်ကို အဆိုးမဆိုနဲ့ဆိုပြီး ပြောဆိုထားပါတယ်။
ပလက်ဝမြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့အကြား ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် လောက်ကပင် တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာပါ။ ဒီတိုက်ပွဲတွေကြောင့် ပလက်ဝ မြို့နဲ့ ဆမီးမြို့နယ်တွေမှာ ဒေသခံနှစ်သောင်း နီးပါးလောက် နေရပ်မပြန်နိုင်သေးဘဲ ဒီနေ့အထိ ထွက်ပြေးခိုလှုံနေကြရဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။