ပုလောဒေသခံ နှစ်သောင်းကျော် နေရပ်မပြန်နိုင်သေး

RFA Burmese
2023.05.30
ပုလောဒေသခံ နှစ်သောင်းကျော် နေရပ်မပြန်နိုင်သေး ပုလောမြို့နယ်၊ ကတဲရွာအတွင်းရှိ မီးရှို့ခံထားရသည့် နေအိမ်အချို့အား ၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်က တွေ့ရစဉ်။
Citizen Journalist

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာရှိတဲ့ ရွာ ၁၀ ရွာက ဒေသခံနှစ်သောင်းကျော်ဟာ လက်ရှိအချိန်ထိ ဘေးလွတ်ရာထွက်ပြေးနေရပြီး စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့  ဒေသခံတွေနဲ့ ကူညီပေးနေသူတွေက RFA ကို ပြောပါတယ်။

ထမင်းမစား၊ တိုရွာ၊ မကျီးကုန်း၊ ဒူးရင်းပင်ရှောင်၊ ကတဲ၊ ပလောကူး၊ ကျောက္ကာ၊ မင်းပြင်၊ သင်္ကန်းတော၊ ရှပ်ပုံ စတဲ့ရွာ ၁၀ ရွာမီးရှို့ခံရပြီး ဒေသခံနှစ်သောင်းကျော် ထွက်ပြေးနေရတာပါ။

ဒေသခံတွေဟာ မတ်လကတည်းက စစ်ဘေးရှောင်ထွက်‌ပြေးနေကြရတာလို့ လုံခြုံရေးအရအမည်မဖော်လို့တဲ့ ဒေသခံတွေကို ကူညီပေးနေသူတစ်ဦးက RFA ကိုပြောပါတယ်။

“မတ်လကတည်းက စပြေးနေကြရတာ။ လက်ရှိအချိန်ထိ ပြန်မဝင်ရသေးဘူး။ တိုရွာဆိုရင် အခုလက်ရှိမှာ အိမ်ကြီး၊ အိမ်ကောင်းတွေအားလုံးဟာ မီးရှို့ခံရတယ်။ ပစ္စည်းတွေယူပြီး မီးရှို့သွားတာပေါ့။ ရွာ ၁၀ ရွာလုံးက  အိမ်အားလုံးနီးပါးကို ရှို့ခံရတာ။ အိမ်တချို့ပဲကျန်တယ်။ မိသားစုတစ်စုဆိုရင် ကျွန်တော်လက်ရှိရှိနေတဲ့ ရွာရဲ့ဘေးက ရွာမှာ အခုထက်ထိရှိနေတုန်း၊ သူတို့မှာရှိတာတွေလည်း မီးရှို့ခံလိုက်ရတော့  ပြန်ဖို့ မဖြစ်နိုင်ဘူး။ စားစရာမရှိ၊ နေစရာမရှိနဲ့ဆိုတော့  နီးစပ်ရာခိုနေရတာပေါ့။ ပုလော မြို့နယ် အပိုင် ဆယ်ရွာလုံးပါ ”

ရွာတစ်ရွာမှာ အိမ်ခြေအနည်းဆုံး ၇၀ နဲ့ ၉၀ ကြားရှိပြီး တိုရွာဆိုရင် အိမ်ခြေတစ်ထောင် ကျော် ရှိတယ်လို့ဆိုပါတယ်။

ရွာ ၁၀ ရွာစုစုပေါင်း အိမ်ခြေခြောက်ထောင်ကျော်ရှိပြီး မင်းပြင်အပါအဝင် ရွာတချို့မှာ ဒေသခံအနည်းငယ် ကျန်တာကလွဲလို့ နှစ်သောင်းကျော်က‌တော့ နီးစပ်ရာဆွေမျိုးနဲ့ ဘေးလွတ်ရာရွာတွေမှာ  ဒုက္ခရောက်နေကြရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

မေလ ၂၉ ရက်မနေ့ကလည်း ပုလောမြို့နယ်၊ မကျည်းကုန်းရွာမှာ အသက် ၅၃ နှစ်အရွယ် ဒေသခံ အမျိုးသားတစ်ဦး အိမ်အပြန် မိုင်းနင်းမိပြီး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ဒါ့အပြင် မင်းပြင်ရွာမှာလည်း မေလ ၂၆ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၂ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောရေးဆိုခွင့် ရှိသူကို ဖုန်းဆက်မေးမြန်းခဲ့ပေမယ့်  ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေသခံတွေရဲ့နေအိမ်တွေကို သူတို့တပ်သားတွေ ဘယ်တော့မှမီးမရှို့ဘူးလို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ RFA က မေးမြန်းချိန်မှာ ငြင်းဆိုထားဖူးပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၉ ရက်အထိ စာရင်းအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်ထိ အရပ်သားပြည်သူ နေအိမ်ပေါင်း ခြောက်သောင်းကျော် (၆၀,၄၅၉ လုံး) မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။