စစ်ကြောင်းထိုးလို့ ပုလဲမြို့နယ် ကျေးရွာ ၁၁ ရွာက ဒေသခံတွေ ထွက်ပြေးရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲမှာ ဖေဖော်ဝါရီလ ၁၂ ရက်ကစလို့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် ရွာပေါင်း ၁၁ ရွာက အရပ်သားတွေ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နှောရိုးရွာ၊ မင်းတိုင်ပင်ရွာ၊ နှောကန်ရွာ၊ စပါးစေ့ရွာ၊ ကျောက်ဖျာကန်ရွာ၊ အိုင်းမရွာ၊ သပြေကုန်းရွာ၊ တုံးကန်ရွာ၊ နွယ်အင်းရွာ၊ ချင်ပြစ်ကျင်းရွာနဲ့ သက်ကယ်ကျင်းရွာတွေက အရပ်သားတွေ ထွက်ပြေးနေရတာပါ။

ဒေသခံ တစ်သောင်းဝန်းကျင်ရှိတဲ့အနက် ငါးထောင်ဝန်းကျင်က နေရပ်မပြန်နိုင်ကြသေး ဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ပြေးနေရတုန်းပဲ။ ဒီကောင်တွေက ဆက်မွှေနေတာ။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ လောက်က PDF စခန်းတစ်ခုကို စစ်ကောင်စီတပ်က ဝင်စီးပြီး စခန်းကိုလည်း မီးရှို့သွားတယ်။ စခန်းနားတဝိုက်က ရွာတွေကိုလည်း မီးရှို့တယ်။ မင်းတိုင်ရွာပေါ့ စခန်းနားက နီးစပ်တဲ့ရွာ"

အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဖေဖော်ဝါရီလ ၁၆ ရက်မှာ မင်းတိုင်ပင်ရွာကို မီးရှို့ခဲ့ပြီး PDF တပ်ဖွဲ့တွေဖြစ်တဲ့ ကျားသစ်နက်နဲ့ သခင်ဒေါင်းညို အဖွဲ့တို့နဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းတိုင်ပင်ရွာက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အထက်တန်းကျောင်း စာသင်ဆောင် နှစ်ခုနဲ့ လူနေအိမ် ရှစ်လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။

နှောရိုးရွာကိုတော့ စစ်ကောင်စီစစ်ကြောင်းဟာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ဝင်ရောက်မီးရှို့ခဲ့ပြီး အိမ်တစ်လုံးမီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

ဒါနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

အာဏာသိမ်းပြီး နှစ်နှစ်အကြာ စစ်ကိုင်းတိုင်းမှာ နေအိမ်ပေါင်း ၄၃၂၉၂ လုံး မီးရှို့ဖျက်ဆီး ခံခဲ့ရပြီး အဲဒီထဲမှာ ပုလဲမြို့နယ်က ၂၆၄၂ လုံး ပါဝင်နေတယ်လို့ သုတေသနအဖွဲ့ Data for Myanmar ရဲ့ စာရင်းမှာ တွေ့ရပါတယ်။

ဒီအပြင် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ စစ်ကိုင်းတိုင်းအတွင်း အရပ်သား ခြောက်သိန်းခွဲဝန်းကျင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။