ပုလဲမြို့နယ်ထဲက ဒေသခံ ၃၀၀၀ နီးပါး ဘေးလွတ်ရာထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက ကံကြီး၊ ညောင်ကုန်းနဲ့ မကျည်းဂွရွာတွေအပြင် အနီးနား တစ်ဝိုက်က ရွာတွေထဲကို ဇူလိုင်လ ၂ ရက် ဒီနေ့မနက်ပိုင်း စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာတာကြောင့် ဒေသခံ ၃၀၀၀ နီးပါး ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက် ၉ နာရီလောက် ပုလဲမြို့ဘက်ကနေ ကံကြီးရွာဘက်လာတဲ့ စစ်ကောင်စီတပ် သားတွေကို ဒေသခံ ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ပြီးနောက် အခုလိုရွာတွေထဲ ဝင်ရောက်လာတာလို့ ဆိုပါတယ်။

ရွာတွေထဲမှာ မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေ ကျန်ခဲ့တယ်လို့ ပုလဲမြို့ ကျားသစ်နက်အဖွဲ့ တာဝန်ရှိသူ ကိုဖိုးသားက ပြောပါတယ်။

"မရှိဘူးဆိုရင် ၂၅၀၀၊ ၃၀၀၀ လောက်ရှိမှာဗျ ပြေးရတာတွေက။ ပြေးရတဲ့ ရွာတွေက အဲဒီနားက ကံကြီးရယ်၊ ညောင်ကုန်းရယ်၊ နောက်တစ်ခါ မကျည်းဂွရယ် ဖိုကုန်းရယ်ဗျ၊ အဲဒီနားက ရွာတွေကပေါ့။ ရွာထဲမှာ သက်ကြီးရွယ်အိုတွေဗျ။ လျှပ်တပြတ်ဆိုတော့ မပြေးနိုင်တော့ဘူးလေ"

ကံကြီးရွာကို အင်အား ၇၀ နီးပါးနဲ့လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကျားသစ်နက်အဖွဲ့ က ဒီနေ့မနက် မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ခုနစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေများတယ်လို့လည်း ကိုဖိုးသားက ပြောပါတယ်။

လက်ရှိ စစ်ကြောင်းဝင်ရောက်နေတဲ့ ရွာတွေက ဒေသခံနှစ်ဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းသွားတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင် သေးပါဘူး။

စစ်ကောင်စီတပ်သားတွေ သေဆုံးထိခိုက်တဲ့ အခြေအနေကိုလည်း စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။