ချင်းပြည်နယ် ပလက်ဝမြို့မှာ ကိုဗစ်ရောဂါပိုးတွေ့သူ ခုနစ်ဦးရှိ

2021.06.09
ချင်းပြည်နယ် ပလက်ဝမြို့မှာ ကိုဗစ်ရောဂါပိုးတွေ့သူ ခုနစ်ဦးရှိ ချင်းပြည်နယ်၊ တွန်းဇံမြို့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး သေဆုံးသူတစ်ဦးကို သယ်ဆောင်နေတာကို ၂၀၂၁၊ ဇွန် ၈ ရက်နေ့က တွေ့ရစဉ်
Photo: Citizen Journalist

ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့မှာ ဇွန်လ ၈ ရက် မနေ့က ကိုဗစ်စစ်ဆေးတဲ့ ကိရိယာ Test Kit နဲ့ စစ်ဆေးရာမှာ ပိုးတွေ့သူ ခုနစ်ဦးရှိတယ်လို့ ပလက်ဝမြို့နယ်ဆရာဝန်က RFA ကိုပြောပါတယ်။

“ဒီနေ့ကတော့ ပိုးစစ်တာ မတွေ့သေးဘူး။ မနေ့က ခုနစ်ယောက်တွေ့တယ်။ မြိတ်ဝရွာဘက်က တွေ့တာဆိုတော့ မြိတ်ဝရွာက အိန္ဒိယနယ်စပ် ဖြစ်တယ်ဗျ။” လို့ ပလက်ဝမြို့နယ်ဆရာဝန်ကို RFA က ဒီကနေ့ မနက်ပိုင်းက ဆက်သွယ်မေးမြန်းရာမှာ ဖြေကြားခဲ့ပါတယ်။

လက်ရှိမှာ ပလက်ဝမြို့ရှိ ဈေး၊ စာသင်ကျောင်းတွေနဲ့ မြို့အဝင်အထွက်တွေကို ‌ခေတ္တပိတ်ထားတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ချင်းပြည်နယ် တွန်းဇံမြို့နယ်မှာလည်း ဇွန်လ ၈ ရက်မနေ့ကအထိ ကိုဗစ်ရောဂါတွေ့ရှိသူ ၂၉၈ ဦးရှိပြီး ရှစ်ဦးသေဆုံးခဲ့ပါတယ်။

ချင်းပြည်နယ်မှာ မေလ ၂၈ ရက်နေ့က တွန်းဇံမြို့ပေါ်အပါအဝင် တွန်းဇံမြို့နယ်ထဲမှာရှိတဲ့ ကျီခါးမြို့ကို နေအိမ်မှာ နေထိုင်ကြဖို့ Stay At Home သတ်မှတ်ထားပြီး ဇွန်လ ၄ ရက်နေ့က တီးတိန်၊ ဖလမ်း၊ ဟားခါးနဲ့ ထန်တလန်မြို့တွေကိုလည်း Stay At Home သတ်မှတ်ထားတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၀ မတ်လကစပြီး ၂၀၂၁ ဇွန်လ ၈ ရက်နေ့အထိ ပိုးတွေ့ရှိသူ ၁၄၄,၅၇၉ ရှိပြီး သေဆုံးသူ ၃၂၂၈ ယောက်ရှိနေပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။