သတ်ဖြတ်ခံရတဲ့ ပလက်ဝဒေသခံသုံးဦး အမှုမှန်ပေါ်ပေါက်ရေး ကြိုးပမ်းသွားမယ်လို့ IKACC ထုတ်ပြန်

RFA Burmese
2024.10.04
သတ်ဖြတ်ခံရတဲ့  ပလက်ဝဒေသခံသုံးဦး အမှုမှန်ပေါ်ပေါက်ရေး ကြိုးပမ်းသွားမယ်လို့ IKACC ထုတ်ပြန် ချင်းပြည်နယ် တောင်ပိုင်း ၊ ပလက်ဝမြို့ကို တွေ့ရစဉ်။
Citizen Photo

ချင်းပြည်နယ် ပလက်ဝမြို့နယ် မောင်နှမရွာက မိသားစုဝင်သုံးဦး သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ကြားကာလ ခူမီး (ချင်း) မျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ (IKACC) က အောက်တိုဘာ ၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ပလက်ဝနဲ့ ကျောက်တော်မြို့တွေဟာ AA တပ်ဖွဲ့ သိမ်းပိုက်ထားတဲ့ နယ်မြေတွေဖြစ်တာကြောင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် အာရက္ခတပ်တော် (AA) ကို အကြောင်းကြားထားပေမဲ့ တုံ့ပြန်တာတော့ မရှိသေးဘူးလို့ IKACC ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းအောင်လင်းက RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ ဒီအမှုနဲ့ ပတ်သက်ရင် တော်တော်စိတ်မကောင်းဖြစ်ရတယ်၊ အခုလိုမျိုး ဖြစ်ပျက်တာတွေက ပလက်ဝထဲမှာလည်း မဟုတ်ဘူး၊ ရခိုင်ပြည်နယ်ထဲမှာ ဖြစ်တဲ့အတွက်ကြောင့်မလို့ လက်ရှိ ထိန်းချုပ်ဧရိယာထဲမှာရှိတဲ့ အဖွဲ့အစည်းက တော်တော်အရေးပါတယ်လို့ မြင်တဲ့အတွက်ကြောင့် သူတို့ကို ဒီလိုလှမ်းပြောထားတာတော့ရှိတယ်၊ သူတို့ဘက်က ဘာမှတုံ့ပြန်တာတော့ မရှိသေးဘူး။ ကျွန်တော်တို့ IKACC ကနေတော့ အမှန်ကိုတော့ တရားမျှတမှုရှိအောင် ဆက်လက်ကြိုးပမ်းသွားဖို့ ရှိပါတယ်"

သတ်ဖြတ်ခံခဲ့ရသူတွေဟာ ပလက်ဝမြို့နယ် မောင်နှမကျေးရွာက အသက် ၆၁ နှစ်အရွယ် ဦးဆန်းအောင်၊ အသက် ၂၆ နှစ်အရွယ် ကိုအိုက်မြင့်နဲ့ အသက် ၁၃ နှစ်အရွယ် မောင်ပိစီထွန်းတို့ ဖြစ်ပါတယ်။

သူတို့ဟာ စက်တင်ဘာ ၈ ရက်နေ့က ပလက်ဝကနေ ကျောက်တော်ကို ပိုက်ဆံထုတ်ဖို့ သွားခဲ့တာဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်နေ့မှာ သုံးယောက်လုံးရဲ့ အလောင်းကို ကျောက်တော်မှာပဲ ပြန်တွေ့ခဲ့ရတာလို့ IKACC ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းအောင်လင်းက ပြောပါတယ်။

“သူ့ရဲ့ သားက မလေးရှားကနေ သိန်းနှစ်ရာလောက်ပို့ပေးပြီးမှ စက်တင်ဘာ ၈ ရက်မှာ ပလက်ဝကနေ ကျောက်တော်ကို ပိုက်ဆံထုတ်မယ်ဆိုပြီး ဆင်းတာ၊ ထုတ်လည်းထုတ်ပြီးမှ ပြန်တာက ဘယ်နေ့ပြန်လဲ ဆိုတာတော့မသိဘူး၊ ထုတ်ပြီးမှပြန်တယ်ဆိုတာတော့ အတည်ပြုလို့ရတာပေါ့နော်၊ ကျောက်တော်နဲ့ ရခိုင်ပြည်နယ်ထဲ အလောင်းကိုတွေ့ရတဲ့သဘောပေါ့နော်"

ဒီလိုသတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး IKACC အနေနဲ့ လူသားမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒီအမှုမှန်ပေါ်ပေါက်ရေးနဲ့ တရားမျှတမှု ရရှိရေး၊ ကျူးလွန်တဲ့သူကို ထိုက်သင့်တဲ့ပြစ်ဒဏ်ပေးနိုင်ရေးအတွက် IKACC အနေနဲ့ ကြိုးစားသွားမှာဖြစ်ပြီး ဒေသတွင်း သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ဝိုင်းဝန်းဆောင်ရွက်ကြဖို့ တိုက်တွန်းတယ်လို့လည်း ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းပေမဲ့ လတ်တလော အကြောင်းမပြန်သေးပါဘူး။

စက်တင်ဘာ ၂၉ ရက်နေ့ကလည်း ပလက်ဝမြို့နယ်က ဆေးရုံအုပ် ဒေါက်တာ အေးကျော်နဲ့ အမည်မသိရသေးတဲ့ ဒေသခံအမျိုးသားနှစ်ဦးတို့ကို အာရက္ခတပ်တော် (AA) က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာလည်း AA တပ်ဖွဲ့ဝင်တစ်ဦးကို ရိုက်နှက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပလက်ဝဒေသခံ လေးဦး၊ ချင်းဒေသကာကွယ်ရေးတပ်(CDF) ပလက်ဝကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံ ဆယ်ဦးတို့ကို AA က ဖမ်းဆီးထားတယ်လို့ ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်း (GKO) က ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။