ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှာ အရည်အချင်းရှိသူတွေ တာဝန်ယူစေလို
2018.11.15
အစိုးရက နောက်ထပ်အသစ်ဖွဲ့စည်းမယ့် ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှာ အရည်အချင်းရှိပြီး တာဝန်ယူမှုရှိကာ ဦးဆောင်ပေးနိုင်မယ့်သူတွေကို ခန့်အပ်တာဝန်ပေးအပ်ဖို့ လွှတ်တော် ကိုယ်စားလှယ်တွေက တိုက်တွန်းလိုက်ပါတယ်။
ဒီကနေ့ လွှတ်တော်ကိုယ်စားလှယ် ၉ ဦးတို့က ဆွေးနွေးခဲ့ကြရာမှာ အများစုကထောက်ခံကြပြီး လာမယ့် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ လွှတ်တော်က အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်။
အဲဒီဝန်ကြီးဌာနအသစ်ဖွဲ့စည်းဖို့ နိုဝင်ဘာလ ၁၂ ရက်နေ့က သမ္မတကိုယ်စား ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး က လွှတ်တော်မှာ တင်ပြခဲ့တာဖြစ်ပြီး လွှတ်တော်က အတည်ပြုရင် ၂၅ ခုမြောက် ဝန်ကြီး ဌာနဖြစ်လာမှာဖြစ်ပါတယ်။
ကုန်သွယ်စီးပွားရေးအားပြိုင်နေကြတဲ့ တရုတ်နဲ့ အမေရိကန်တို့ရဲ့ ငွေကြေးအားပြိုင်မှုဂရက်ကြောင့် အရှေ့တောင်အာရှလိုနိုင်ငံငယ်လေးဖြစ်တဲ့ မြန်မာနိုင်ငံဟာ အဲဒီရိုက်ခတ်မှုဒဏ်ကို လတ်တလောမှာ ခံစားနေကြရတယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ထောက်ပြကြပါတယ်။
ကမ္ဘာ့ပို့ကုန်ပမာဏမှာ မြန်မာနိုင်ငံကနေ ပြည်ပပို့ကုန်အတွက် အမေရိကန်ဒေါ်လာ ၁၄. ၈ ဘီလျံပဲရှိပြီး ကမ္ဘာ့ပို့ကုန်ပမာဏမှာ အဆင့် ၉၀ လောက်သာရှိနေပါတယ်။
ပို့ကုန် ဘီလျံ ၂၀၀ ကျော်လောက်ထိရှိနေတဲ့ အိမ်နီးချင်း ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံတို့ နောက်မှာရှိနေပြီး ဘဂ်လားဒေ့ရှ်နိုင်ငံထက် ၂ ဆ ကျော်လောက်ထိကို နည်းပါးတဲ့အဆင့်ကို ရောက်နေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တင်ပြချက်တွေအရ သိရပါတယ်။
ဒါကြောင့် အခုအသစ်ဖွဲ့စည်းမယ့် ဝန်ကြီးဌာနကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့ လိုအပ်တယ်လို့ ကရင်ပြည်နယ်မဲဆန္ဒနယ် အမှတ် ၇ က လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအားကာမိုးက ထောက်ခံဆွေးနွေးခဲ့ပါတယ်။
"ဒီနေ့ ၂၁ ရာစုကမ္ဘာကြီးရဲ့ ဒီဂျစ်တယ်စီးပွားရေးခေတ်ကြီးထဲမှာ စီးပွားရေးဟာ နိုင်ငံရေးနဲ့ တဆက်တည်း ပြောင်းလည်းတိုးတက်နေပါတယ်၊ နိုင်ငံတိုင်းဟာ မိမိနိုင်ငံအကျိုးစီးပွားမြှင့်တင်နိုင်ဖို့အတွက် in world locking policy တွေ ချမှတ်လာတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုတွေ အပြင်စည်းထွက်ဖို့ထက် ကုန်သွယ်မှုအသာစီးရဖို့ကို ဦးတည်လာကြပါတယ်၊ လွတ်လပ်တဲ့ကုန်သွယ်ဝါဒကနေ မိမိနိုင်ငံကိုကာကွယ်ပေးချင်တဲ့ protestism ဝါဒကိုပြန်ရောက်လာပါတယ် စီးပွားရေးအခွင့်အလမ်းအတွက် အကောင်းဆုံးအခွင့်အရေးစီမံခန်ခွဲနိုင်မှု စိန်ခေါ်မှုတွေက များလာပါတယ်"
လက်ရှိမြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှုကဏ္ဍကို ကော်မရှင်အဖွဲ့အစည်းတစ်ခုအနေနဲ့သာ ဆောင်ရွက်နေတာဖြစ်ပြီး လက်ရှိ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ပိုမိုလိုအပ်နေသေးတယ်လို့ ထောက်ပြကြပါတယ်။
လှိုင်းဘွဲ့မဲဆန္ဒနယ်က ဦးခင်ချိုကတော့ ရင်းနှီးမြှပ်နှံမှုလုပ်ငန်းတွေကို ကော်မရှင်အဆင့်ကနေ ဝန်ကြီးဌာနအဆင့် တိုးမြှင့်လုပ်ဆောင်ပေးဖို့ ထောက်ခံဆွေးနွေးခဲ့ပါတယ်။
"မြန်မာနိုင်ငံဟာ ကုန်းတွင်းပိတ်နိုင်ငံမဟုတ်ဘဲ အရှေ့တောင်အာရှနိုင်ငံတွေ အားလုံးထဲမှာ ပထဝီအနေထားအရ မြေသယံဇာတ ရေသယံဇာတ လူအရင်းမြစ် စွမ်းအားကြွယ်ဝတဲ့နိုင်ငံဖြစ်ပေမယ့် အာဆီယံနိုင်ငံတွေထဲမှာ ရင်းနှီးမြုှပ်နှံမှု အနည်းဆုံးနိုင်ငံဖြစ်နေတဲ့အတွက်ကြောင့် ဒါကိုတိုးတက်မြှင့်တင်နိုင်ဖို့ လိုအပ်ပါတယ်၊ ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေနဲ့မဟုတ်ဘဲ ဝန်ကြီးဌာနတစ်ခုအနေနဲ့ ဆောင်ရွက်တာကို ကန့်ကွက်ရန်မရှိကြောင်း တင်ပြအပ်ပါတယ်"
ရင်းနှီးမြှုပ်နှံသူတွေအတွက် ပိုင်ဆိုင်မှု၊ သူတို့ရဲ့အခွင့်အရေးတွေကိုလည်း ဥပဒေအတိုင်းဖြစ်ဖို့ လိုအပ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၄ က ဦးသန်းစိုး ကလည်း အခုလိုဆွေးနွေးတင်ပြပါတယ်။
"ဥပဒေမှာအမြဲတမ်းပါဝင်တဲ့ ကျနော်တို့ လူမွဲစာရင်းပါဝင်တဲ့ဥပဒေကို ကျနော်တို့လက်ထဲမှာရောက်နေပါပြီ၊ ဒါတွေဟာ ကျနော်တို့လုပ်ထားပြီးသားဖြစ်ပါတယ်၊ ကော်ပီရိုက်လော ဒါတွေလည်းလုပ်ထားပြီးသားဖြစ်ပါတယ်၊ ကုမ္ပဏီလော ဒါတွေလည်းအသစ်ပြဌာန်းပြီးသား ဖြစ်ပါတယ်၊ အဲတော့ မြန်မာအင်ဘက်စမန့်လောဖြစ်ပါတယ်၊ အစီစပ်လောရှိပါတယ် ပိုင်ဆိုင်မှုတွေကို ကာကွယ်ပေးတဲ့ ကွန်ဒိုမီနီယမ်လောတို့ဆိုတာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုတွေကို ဘယ်အတိုင်းအတာထိရှိပြီးသားဖြစ်ပါတယ် နောက်အစိုးရက လိုအပ်တဲ့ဥပဒေတွေကို လုပ်နေပါပြီ"
စင်္ကာပူနိုင်ငံမှာကျင်းပနေတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည် တက်ရောက်နေပြီး မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နံှကြဖို့ကိုလည်း ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲမှာ ဖိတ်ခေါ်နေပါတယ်။
လက်ရှိပြည်တွင်းငြိမ်းချမ်းရေးကလည်း မရသေးတဲ့အချိန် အခြေခံအဆောက်အဦးတွေဖြစ်ကြတဲ့ လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေတွေကိုလည်း ဖြေရှင်းဖို့လိုအပ်ကြောင်း ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၁ က လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခွန်ဝင်းသောင်းက ထောက်ပြဆွေးနွေးပါတယ်။
"နိုင်ငံရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးတွေ ယခုထက်ပိုပြီး အာမခံချက်ရှိဖို့ ပိုမိုလိုအပ်နေတာ၊ အခြေခံလိုအပ် ချက်တွေ များနေသေးတာ၊ လုပ်ထုံးလုပ်နည်းတွေ ကြန့်ကြာနေပြီး ဌာနဆိုင်ရာဝန်ဆောင်မှုတွေမှာ လာဘ်ပေး လာဘ်ယူလျော့ချဖို့နဲ့ အဂတိတိုက်ဖျက်ဖို့တွေ အရှိန်မြှင့်ဖို့လိုနေတာ၊ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကြိုးနီစနစ်တွေ အသားကျနေတဲ့ ဌာနအသီးသီးရဲ့ လုပ်နည်းလုပ်ဟန်တွေပြောင်းဖို့လိုနေတာ၊ မြိတ်လိုဒေသမျိုးမှာ အထူးလိုအပ်လှတဲ့ လျှပ်စစ်ကဏ္ဍာမျိုးတွေမှာ ဈေးအလွန်မြင့်မားနေတာ၊ ရင်းနှီးမြှုပ်နှံလိုတဲ့ဒေသတွေမှာ လမ်းပန်းဆက်သွယ်ရေးအားနည်းပြီး ကုန်ကျမှုမြင့်မားနေတာ၊ အလုပ်သမားဆိုင်ရာပြဿနာတွေမှာ ဖြေရှင်းဖို့အားနည်းနေတာဟာ ရင်းနှီးမြှုပ်နှံမှုတွေကို ကန့်သတ်စေတဲ့ အဟန့်အတားတွေဖြစ်ပါတယ်"
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကလည်း အစိုးရက ဝန်ကြီးဌာနအသစ် တစ်ခုထပ်မံဖွဲ့စည်းမယ့်အပေါ် အခုလိုပြောပါတယ်။
"စီးပွားကူးသန်းလို ဝန်ကြီးဌာနလိုဟာမျိုးကနေပြီးတော ကိုင်တွယ်ဆောင်ရွက်ရမယ့် ကိစ္စမျိုးကို နောက်ထပ် ဝန်ကြီးဌာန တစ်ခုဆိုတော့ သူတို့တက်လာကာစက ကြေညာထားတာနဲ့ လွဲချော်နေသလားလို့ စဉ်းစားဖို့ရှိပါတယ် သို့သော်လည်းဘဲ နိုင်ငံအတွက် ရင်းနှီးမြှုပ်နှံတွေရရှိဖို့အတွက် ကြိုးစားမယ့်ဟာမျိုးကို သီးခြားထူထောင်ဟာမျိုး ဒါကို စီးပွားကူးသန်းဝန်ကြီးဌာနကနေပြီးတော့ ဒုဝန်ကြီးတယောက်လောက်ထပ်ပေးပြီး လုပ်ဆောင်လို့ရှိရင် ရလောက်တဲ့အနေထားဖြစ်ပါလျက်နဲ့ ဝန်ကြီးဌာနအသစ်မျိုးလုပ်တဲ့ဟာ နိုင်ငံတော်အတွက် မလိုလားအပ်တဲ့ ကုန်ကျမျိုးဖြစ်နေမလားဆိုပြီး ကျနော်တို့စိုးရိမ်မိပါတယ်"
ဒီကနေ့ လွှတ်တော်ကိုယ်စားလှယ် ၉ ဦးတို့က ဆွေးနွေးခဲ့ကြရာမှာ အများစုကထောက်ခံကြပြီး လာမယ့် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ လွှတ်တော်က အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။