ဦးပါမောက္ခကို ပုဒ်မ ၅၀၅(ခ) နဲ့ ဖမ်းဆီးလူဝတ်လဲ


2017.11.12
parmaukkha-622.jpg လူဝတ်လဲထားသော ဦးပါမောက္ခကို တွေ့ရစဉ်
Photo: Zayar Lin

ပြီးခဲ့တဲ့နှစ်က အမေရိကန်သံရုံးရှေ့မှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းသုံးစွဲမှုကို ကန့်ကွက်ဆန္ဒပြခဲ့တာကြောင့် ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲဆိုပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့ မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခကို ဒီနေ့ နေလည်ပိုင်းမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး လူဝတ်လဲလိုက်ပါတယ်။

ဆရာတော်ဦးပါမောက္ခက မြောက်ဒဂုံမြို့နယ်ရဲစခန်းကို သွားရောက်ပြီး လယ်သမားတစ်ဦး လယ်မြေ သိမ်းခံထားရမှုနဲ့ ပတ်သက်လို့ ဆန္ဒပြခွင့်လျှောက်ထားတာကို ကူညီဆောင်ရွက်ပေးရင်း ဖမ်းဆီးခံရတာ ဖြစ်တယ်လို့ ဆရာတော်ရဲ့ ဒကာဖြစ်သူ ဦးစည်သူမြင့်က ပြောပါတယ်။

"လယ်သမားက သူ့လယ်ကို စည်ပင်က မတရားသိမ်းယူလိုက်တယ်ဆိုပြီး လာတိုင်တယ်။ အဲ့ကိစ္စကို ဆန္ဒဖော်ထုတ်ချင်တယ်ပေါ့။ ဖော်ထုတ်ချင်လို့ရှိရင် မြောက်ဒဂုံရဲစခန်းကိုသွား။ မြောက်ဒဂုံရဲစခန်း ရောက်တော့ ဆရာတော်ကလည်း လိုက်ကူညီပေးတာပေါ့။ ဆရာတော်ကို မြောက်ဒဂုံရဲစခန်းမှူးက ဘာပြောလဲဆိုတော့ ဆရာတော်က ၅၀၅ (ခ)နဲ့ ဖမ်းဝရမ်းရှိတယ်။ ဖမ်းလို့ရတယ်ဆိုပြီးပြောတယ်။ ဆရာတော်က အဲ့ဒါဆိုရင် မင်းလုပ်စရာရှိတာလုပ်ဆိုပြီးပြောတယ်"

ဆရာတော်ကို မြောက်ဒဂုံမြို့နယ်ရဲစခန်းမှူးက ဖမ်းဝရမ်းပြဖမ်းဆီးခဲ့ပြီး ဗဟန်းမြို့နယ်က ရန်ကုန်တိုင်း သံဃမဟာနယကရုံးကို ခေါ်ဆောင်ပြီး လူဝတ်လဲခဲ့တာဖြစ်ကြောင်းနဲ့ အဲဒီနောက်မှာ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးက ဆရာတော်ဦးပါမောက္ခကို ဆက်လက်ခေါ်ဆောင်သွားတာဖြစ်တယ်လို့ ဦးစည်သူမြင့်က ပြောပါတယ်။

အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြခဲ့တာနဲ့ ပတ်သက်ပြီး ဆရာတော် ဦးပါမောက္ခအပြင် မျိုးချစ်ရဟန်းပျိုများသမဂ္ဂက ဆရာတော် ဦးသုစိတ္တနဲ့ ဆရာတော်ဦးဉာဏဓမ္မတို့ကိုလည်း ကမာရွတ်မြို့နယ် တရားရုံးက ဖမ်းဝရမ်း ထုတ်ထားတာ ဖြစ်ပါတယ်။

ရိုဟင်ဂျာနာမည် သုံးစွဲတာနဲ့ပတ်သက်ပြီး ကန့်ကွက် ဆန္ဒပြရာမှာပါဝင်ခဲ့တဲ့ အမျိုးသားရေးလှုပ်ရှားသူ နောင် တော်လေး၊ ဝင်းကိုကိုလတ်၊ သက်မျိုးဦးနဲ့ နေဝင်းအောင် တို့လေးဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ)၊  ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဥပဒေ ပုဒ်မ ၁၉ တို့နဲ့ ပြီးခဲ့တဲ့စက်တင်ဘာလက ကမာရွတ်မြို့နယ်တရားရုံးက ထောင်ဒဏ် ၇ လစီ ချမှတ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။