စစ်ကောင်စီရွေးကောက်ပွဲအတွက် မှတ်ပုံတင်တဲ့ တိုင်းရင်းသားပါတီ ၁၁ ခု ရှိလာ
2023.03.17
နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေသစ်အရ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ထားတဲ့ တိုင်းရင်းသားပါတီ ၁၁ ခုအထိ ရှိလာပြီလို့ စစ်ကောင်စီ၊ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
အဲဒီပါတီ ၁၁ ခုကတော့ ရခိုင်ပြည်နယ်မှာ ရခိုင့်ဦးဆောင်ပါတီ၊ ရခိုင်ပြည်နယ် အမျိုးသား အင်အားစုပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကချင်ပြည်နယ်မှာ ဒီမိုကရေစီ ပါတီသစ် (ကချင်)၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ လီဆူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မွန်ပြည်နယ်မှာ မွန်ညီညွတ်ရေး ပါတီ၊ ရှမ်းပြည်နယ်မှာ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်ပါတီ၊ ကရင်ပြည်နယ်မှာ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊ စစ်ကိုင်းတိုင်းမှာ ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီတို့ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က ခမီတိုင်းရင်းသားတွေအနေနဲ့ တခြားသောတိုင်းရင်းသားတွေလို တန်းတူအခွင့်အရေးရဖို့ လိုအပ်တာကြောင့် စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲဝင်ဖို့ ပါတီမှတ်ပုံတင်ခဲ့တာလို့ ခမီ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးလေသာကျော်က RFA ကို ပြောပါတယ်။
"ကျနော်တို့က လူမျိုးကို အခြေခံပြီးတော့ စုဖွဲ့ထားတဲ့ပါတီပါ။ ကျနော့် တိုင်းရင်းသား တွေ တခြားတိုင်းရင်းသားတွေလို အခွင့်အရေးတန်းတူရဖို့၊ လုပ်နိုင်တာတွေလုပ်ဖို့ ပါတီမှတ်ပုံတင်တာပါ။ ဘယ်နေရာတွေ ရွေးကောက်ပွဲဝင်မလဲဆိုတာ ပါတီ မှတ်ပုံတင်ပြီးမှ ပြောလို့ရမယ်"
တိုင်းရင်းသားပါတီတွေအထဲ ကယားပြည်နယ်အခြေစိုက်ပါတီတွေကတော့ မှတ်ပုံတင် လျှောက်ထားတာ မတွေ့ရသေးပါဘူး။
စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့ မှတ်ပုံပြန်တင်တဲ့ နိုင်ငံရေးပါတီ ၂၇ ပါတီအထိရှိလာပြီး အဲဒီအထဲမှာ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီ ၇ ပါတီနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုတည်းမှာပဲ စည်းရုံးမယ့်ပါတီ ၂၀ ရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မတ်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။
အသစ်ပြဋ္ဌာန်းထားတဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအရ နိုင်ငံရေးပါတီတွေ ဟာ ရက်ပေါင်း ၆၀ အတွင်း ပါတီမှတ်ပုံပြန်တင်ရမှာဖြစ်ပါတယ်။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ နိုင်ငံရေးပါတီတွေအနေနဲ့ ပါတီမှတ်ပုံတင်ဖို့ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက် နောက်ဆုံးဖြစ်တယ်လို့ မတ်လ ၁၆ ရက် နေ့က စစ်ကောင်စီရဲ့ သတင်းစာတွေကနေတစ်ဆင့် ပြောဆိုထားပါတယ်။