ပေါက်မြို့က စစ်ဘေးဒုက္ခသည် တစ်သောင်းကျော် အကူအညီလိုအပ်
မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းက ရွာတွေကို ဧပြီလ ၆ ရက်နေ့နဲ့ ၇ ရက်နေ့ကစပြီး စစ်ကောင်စီ တပ်သားတွေ စစ်ကြောင်းထိုးကာ ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီး ခဲ့တာကြောင့် ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် တစ်သောင်းခွဲကျော်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။
နေအိမ် မီးထဲပါသွားတာကြောင့် အကူအညီတွေလိုနေတယ်လို့ ရေကျော်ရွာဒေသခံ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
"လက်ရှိကတော့ စစ်ရှောင်စခန်းရယ်လို့ မရှိသေးတော့ တောကြိုတောင်ကြားတွေထဲမှာ ကိုယ့်အိုးခွက်ကလေးတွေ ဆွဲပြီးတော့ နေရပါတယ်။ လမ်းတွေကလည်း ပိတ်ထားတော့ စားဝတ်နေရေးတွေ၊ ကျန်းမာရေးတွေ၊ ဆေးဝါးတွေရော လိုအပ်နေပါတယ်။ နေပူပြင် မှာ ပြည်သူပေါင်းများစွာ နေရပါတယ်။ အခက်အခဲက အများကြီးပါပဲ။ အခုမိုးတွေက ရွာတော့မှာ"
ဧပြီလ ၆ ရက်နဲ့ ၇ ရက်နေ့ နှစ်ရက်စလုံး ရေကျော်ရွာ နှစ်ကြိမ်ဝင်ရောက်မီးရှို့ခံရတာ ကြောင့် နေအိမ် ၂၅၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး တစ်ရွာလုံး ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
ရေကျော်ရွာနဲ့ အနီးအနားက ကျွန်းပင်၊ ကျွန်းကြီး၊ ကျောက်ကုန်း၊ နံ့သာ၊ ထန်းတောဦး၊ အင်းတော၊ ဝက်မှီး ၊ ရွာသာအေး၊ တုတ်စု၊ ညောင်ဝန်းတောင်စု ၊ ညောင်ဝန်းမြောက်စု စတဲ့ ရွာ ၁၀ ရွာကျော်က ပြည်သူ သောင်းနဲ့ချီလည်း လက်ရှိ တောတောင်တွေထဲ ထွက်ပြေးနေရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်အိုးရွာကိုလည်း ဧပြီလ ၁၁ ရက်နေ့နဲ့ ၁၄ ရက်နေ့တွေမှာ စစ်ကောင်စီတပ် သားတွေ နှစ်ကြိမ်ဝင်ရောက် မီးရှို့ခဲ့တာကြောင့် ရွာအပြင်ဘက်နဲ့ ကိုင်းတောတွေထဲက စစ်ဘေးရှောင် တဲတွေအပါအဝင် နေအိမ် ၂၀၀ ကျော် မီးလောင်ခဲ့ပြီး ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွာအနားမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ဖြစ်ခဲ့ပြီးချင်းမှာပဲ ဝင်ရောက် မီးရှို့ခံရတာလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"ကျောက်အိုးက အဓိက ခက်ခဲနေတယ်။ တဲတွေကအစ မီးရှို့ခံလိုက်ရတယ်။ တစ်ရွာလုံးကျွတ်ပဲ"
ကျောက်အိုးရွာအပြင် ဇီးတော၊ တောင်ဘက်၊ တောင်ချို၊ လယ်ယာ၊ လက်ပံလှ၊ ဒိန်းကွင်း၊ တံစူး၊ သက္ကယ်ကျင်း စတဲ့ ရွာတွေလည်း မီးရှို့ခံလိုက်ရပြီး ဒေသခံတွေအားလုံး ထွက်ပြေး နေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။
အခုလို ရွာတွေဆက်တိုက် မီးရှို့ခံရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုမှုအပေါ် RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ရွာတွေကို မီးရှို့တာမျိုး သူတို့ဘက်က မလုပ်ဘူးလို့ RFA က မေးမြန်းချိန်တိုင်း အမြဲငြင်းဆိုလေ့ရှိပါတယ်။
လွတ်လပ်တဲ့ သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ ၂၀၂၁ ခုနှစ် ဧပြီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဧပြီလ ၁၃ ရက်နေ့အထိ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ လက်ချက်ကြောင့် တစ်နိုင်ငံလုံးမှာ နေအိမ် ၉၁၈၇ လုံး ပျက်စီးခဲ့ပြီး အဲဒီထဲမှာ မကွေးတိုင်းက ၁၈၁၄ လုံး ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။