ပေါက်တောက ရွာ ၂၀ လောက် ရေရှားပါးနေ


2018.05.22
pauktaw-water-shortage-622.jpg ပေါက်တောမြို့နယ် ဖဒူချေကျေးရွာမှာ ရေခပ်ဖို့ စောင့်ဆိုင်းနေသူတွေကို တွေ့ရစဉ်
Photo: Kyaw Kyaw Lin's Facebook

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်းက ကျေးရွာပေါင်း ၂၀ လောက်ဟာ လတ်တလောရေရှားပါး မှု ပြဿနာတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရေရှားပါးမှုပြဿနာအတွက် ကျေးလက်ဒေသဖံ့ွဖြိုးမှုဦးစီးဌာနကို အကြောင်းကြားမှာဖြစ်သလို အစိုးရကိုလည်း တွန်းအားပေးသွားမယ်လို့ ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ထွီး က ပြောပါတယ်။

"အဓိကကတော့ ဖရုံကာသုံးကျွန်း အပိုင်းပေါ့နော်၊ ကျနော်တို့ ပေါက်တောမြို့နယ်ရဲ့ တောင်ဘက်ခြမ်း အဲဘက်မှာ ရွာနှစ်ဆယ်ဝန်းကျင်လောက်တော့ ရေရှားနေတာ တွေ့ပါတယ် ခင်ဗျ။ ရေက တာရှည်မခံဘူး ခင်ဗျ၊ နွေရာသီပြင်းလာတယ်ဆိုတာနဲ့ သိသိသာသာကို ခမ်းခြောက်သွားတဲ့ သဘောပါ။ ကျနော်တို့ စဉ်းစားတဲ့အပိုင်းကတော့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနကို အကြောင်းကြားရမယ်။ သူတို့ ပြည်နယ်အစိုးရကတော့ ဘယ်လိုတွေ ညွှန်ကြားထားတာတွေ ရှိလဲပေါ့နော်။ ရေရှားပါးမှုတွေကို ဘယ်လို ရေဖြန့်မလဲပေါ့၊ အဲဒါတွေကို ကျနော်တို့ဘက်က တွန်းအားပေးဖို့ကတော့ ရှိပါတယ်ခင်ဗျ"

ပေါက်တောမြို့နယ် တောင်ဘက်ပိုင်း ဖရုံကာကျွန်းသုံးကျွန်းထဲက ကြံခင်း၊ ငါးရီချိုင်၊ ငါးရပတ်ချိုင်၊ ဖဒူချေ၊ သဘောက်ချိုင် စတဲ့ ကျေးရွာပေါင်း ၂၀ လောက်မှာ ရေကန်တွေ ခန်းခြောက်နေတာကြောင့် သောက်သုံးရေ ရှားပါးမှုပြဿနာတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်တယ်လို့ဆိုပါတယ်။

ပေါက်တောမြို့နယ်မှာရှိတဲ့ ဖရုံကာကျွန်းသုံးကျွန်းထဲက ကျေးရွာတွေဟာနှစ်စဉ်ရေရှားပါးမှုပြဿနာနဲ့  ကြုံတွေ့နေ ရတာဖြစ်ပြီး တဖက်ပိတ်ဆည်တည်ဆောက်ပြီးရေပေးဝေဖို့ ပြည်နယ်အစိုးရကိုတင်ပြခဲ့ပေမယ့် ဒေသအနေ အထားအရ ဆည်တည်ဆောက်ဖို့မဖြစ်နိုင်ကြောင်း အစိုးရကပြန်လည်အကြောင်းပြန်ထားတယ်လို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ပြောပါတယ်။

လက်ရှိ ရေအခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ကျေးရွာတွေကို အစိုးရဌာနဆိုင်ရာတွေဘက်က  ရေဖြန့်ဝေပေးတာ မရှိသေးဘူးလို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။