ဂန့်ဂေါမြို့နယ် တော်လှန်သင်္ကြန် PDF က လုံခြုံရေးယူပြီး ကျင်းပ
သင်္ကြန်အတက်နေ့ မနေ့ မနက်က တော်လှန်သင်္ကြန်ကို ကျင်းပတဲ့ ယောဒေသရှိ အဲဒီ ကောင်းတုံကျေးရွာဟာ မကွေးတိုင်း ဂန့်ဂေါမြို့ကနေ ၁၈ မိုင်ကွာဝေးပါတယ်။ ဒေသခံ
သခင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Master People’s Defense Force) ရဲ့ တပ်ရင်းမှူး ဗိုလ်ဓူဝံက ဆန္ဒပြပွဲကို မုံရွာ ပုလဲ ဂန့်ဂေါ ကားလမ်းမပေါ်မှာ ကင်းတို ကင်းရှည် အထပ်ထပ်ချပြီး သူတို့တပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူပေးခဲ့တယ်လို့ RFA ကိုပြောပါတယ်။
“ခေါင်းစဉ် နှစ်ခုနဲ့ဗျ။ ဖက်ဆစ်တန်ခူး တို့မမြူး၊ စစ်ခွေးသင်္ကြန် တို့လက်မခံ ခေါင်းစဉ်နဲ့၊ နောက်တစ်ခုက စစ်ကျွန်စနစ် နွံနစ်မခံ၊ စစ်ခွေးသင်္ကြန်တို့ တွန်းလှန်ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျနော်တို့ တော်လှန်သင်္ကြန်ကို ဆင်နွဲခဲ့ပါတယ် ခင်ဗျ။ လမ်းမတွေအပေါ် ဆန္ဒပြကြတာကို ကျတော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်လေးတွေက လုံခြုံရေး တာဝန်ယူပေးခဲ့ ပါတယ်။ အဲဒီနောက် ကျနော်တို့ရွာက ရန်အောင်မြင်စေတီမှာ စစ်အာဏာရှင် ကျဆုံးရေး ကျိန်စာတိုက်ပြီးတော့ ဖယ်ဒရယ် ဒီမိုကရေစီစနစ် အမြန်ဆုံးရရှိရေးအတွက် ဆုတောင်းခဲ့ကြပါတယ်။ စတုဒီသာလည်း ကျွေးခဲ့တယ် ခင်ဗျ။”
NUG အစိုးရ နဲ့ ချိတ်ဆက်ပြီး သူတို့ ဂန့်ဂေါမြို့နယ်မှာ ရက်ပိုင်းအတွင်း စာသင်ကျောင်းတွေ ဖွင့်တော့မယ်လို့လည်း ဗိုလ်ဓူဝံက ပြောပါတယ်။
“ NUG ရဲ့ လမ်းညွှန်ချက်နဲ့အညီ ပအဖ နဲ့ ပကဖ တို့လည်းကျနော်တို့ဖွဲ့စည်းပြီးပါပြီ။ ဒီသင်္ကြန်အပြီး မကြာခင် ရက်ပိုင်းအတွင်း ကလေးတွေရဲ့ ပညာရေးကို ရှေးရှုပြီးတော့ စာသင်ကျောင်းတွေ ပြန်လည် ဖွင့်လှစ်ဖို့လည်း ကျနော်တို့ စီစဉ်နေပါတယ်။”
ဒီအတောအတွင်း ဂန့်ဂေါခရိုင် ဆေးမင်းတောကျေးရွာ ရှိ စစ်ကောင်စီရဲစခန်းကို ယောကာကွယ်ရေးတပ်ဖွဲ့ YDF က မနေ့က သွားရောက် တိုက်ခိုက်ခဲ့ရာမှာ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် သုံးဦးကျဆုံးပြီး ငါးဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ပြောဆိုချက်ကို မရရှိနိုင်သေးပါဘူး။