ဆားတောင်မြို့မှာ PDF ဆေးတပ်သားအမျိုးသမီး လက်နက်ကြီးကျည် ထိမှန်သေဆုံး

RFA Burmese
2023.02.06
Share on WhatsApp
Share on WhatsApp
ဆားတောင်မြို့မှာ PDF ဆေးတပ်သားအမျိုးသမီး လက်နက်ကြီးကျည် ထိမှန်သေဆုံး မြေအောက်လျှပ်စီးပြောက်ကျားအဖွဲ့မှ ဆေးတပ်သား မဆုမွန်ထက်အား တွေ့ရစဉ်။
မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နယ် မြေအောက်လျှပ်စီးပြောက်ကျားအဖွဲ့က အသက် ၂၀ အရွယ် ဆေးတပ်သား အမျိုးသမီးတစ်ဦး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်ညနေပိုင်းမှာ စစ်ကောင်စီတပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့တယ်လို့ မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့ ပြောခွင့်ရှိသူက ပြောပါတယ်။

ဆေးတပ်သား မဆုမွန်ထက်ဟာ ဒဏ်ရာရရဲဘော်တွေကို ဆေးကုပေးနိုင်ဖို့ ရှေ့တန်းတိုက်ပွဲတွေအထိ လိုက်ပါနေသူဖြစ်တယ်လို့လည်း အဲဒီအဖွဲ့ရဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မိုင်းဆွဲခံရပြီး သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ အလောင်းလာကောက်တဲ့ စစ်ကြောင်းက ပစ်ခဲ့တာလို့ မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မုန်တိုင်းက RFA ကို ပြောပါတယ်။

"၅ ရက်နေ့ မနက်ပိုင်းမှာ ဒလန်အပါအဝင် စစ်ကြောင်းတွေကို မိုင်းဆွဲတာ ၁၂ ဦးသေတယ်ဗျာ။ သေတဲ့အလောင်းတွေကို လာကောက်တဲ့ စစ်ကြောင်းက အင်အား ၄၀ ကျော်ပါတယ်။ သူတို့ဘက်က လက်နက်ကြီး၊ လက်နက်ငယ်နဲ့ပစ်တော့ ကျနော့် ဆေးတပ်သား မဆုမွန်ထက်ကို ထိတာ။ အဓိကကတော့ ကိုယ့်ဘက်က လက်နက်ခဲယမ်း မပြည့်စုံတော့ ပြန်မပစ်လိုက်နိုင်လို့ပေါ့လေ"

ဆေးတပ်သား မဆုမွန်ထက်ဟာ ပစ်ခတ်ခံရတဲ့နေရာမှာတင် သေဆုံးခဲ့ပြီး အလောင်းကို ဖေဖော်ဝါရီ ၅ ရက်နေ့ ညနေပိုင်းမှာပဲ ဆားတောင်မြို့နယ်မှာရှိတဲ့ သုသာန်တစ်ခုမှာ သင်္ဂြိုဟ်လိုက်တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်အထိ နှစ်ဖက်တိုက်ပွဲတွေအတွင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ မြေအောက်လျှပ်စီး ပြောက်ကျားအဖွဲ့က မဆုမွန်ထက် အပါအဝင် တပ်ဖွဲ့ဝင် ခြောက်ဦးအထိ ဆေသုံးခဲ့ပြီလို့လည်း ဗိုလ်မုန်တိုင်းက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ ရက် ဗုဒ္ဓဟူးနေ့ကလည်း စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မြို့နယ်က တိုက်ပွဲအတွင်း လက်နက်အင်အား မမျှတာကြောင့် အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးအပါအဝင် PDF တပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်အထိ စာရင်းအရ စစ်အာဏာသိမ်း နှစ်နှစ်အတွင်း တစ်နိုင်ငံလုံးမှာ လူ ၃,၀၀၀ နီးပါးသေဆုံးခဲ့ပြီး အဲဒီအထဲမှာ ဆယ်ကျော်သက်အရွယ် လူငယ်တွေ အပါအဝင် လက်နက်ကိုင်ခုခံရင်း အသက်ဆုံးခဲ့သူ ၁,၂၇၅ ဦး ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။