ငြိမ်းချမ်းရေး အလားအလာ ကောင်းမွန်နေ


2017.03.03
dpn-meeting-620.jpg ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင်နဲ့ DPN အဖွဲ့တို့ ရန်ကုန်မြို့ NRPC ရုံးမှာ မတ်လ ၃ ရက်နေ့က တွေ့ဆုံဆွေးနွေးစဉ်
Photo: Thiha Tun/RFA

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီက စေလွှတ်တဲ့ DPN ခေါ် ညှိနိုင်းရေးကိုယ်စားလှယ်အဖွဲ့ဝင်တွေ မတ်လ ၁ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံပွဲနဲ့ မတ်လ ၃ ရက်နေ့ မနေ့က ရန်ကုန်မှာ ကျင်းပတဲ့ ပြည်ထောင် စုငြိမ်းချမ်းရေး ကော်မရှင်နဲ့ DPN အဖွဲ့တွေ့ဆုံပွဲတွေကနေ တိုးတက်မှုတွေ ထူးထူးခြားခြား ရရှိခဲ့တယ်လို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်နေသူတွေ က ပြောပါတယ်။

မနေ့က ဆွေးနွေးပွဲမှာ သဘောတူခဲ့တဲ့အချက် ၉ ချက်ကို DPN အဖွဲ့က UNFC ကို ပြန်လည်တင်ပြမှာဖြစ်ပြီး NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးရေးအတွက်မြန်မာအစိုးရကို ၁ ပတ်လောက်အတွင်း အကြောင်းပြန်မယ်လို့ မျှော် လင့်ရကြောင်းအစိုးရနဲ့ နီးစပ်သူတဦးက RFA ကို ပြောပါတယ်။ အဲဒီ ပုဂ္ဂိုလ်ဟာ အစိုးရရဲ့ တရားဝင်ပြောရေး ဆိုခွင့်ရှိသူ မဟုတ်တဲ့အတွက် သူ့အမည်ကိုတော့ ဖေါ်ပြနိုင်ခြင်း မရှိပါဘူး။

တိုင်းရင်းသားတွေဘက်က တင်ပြချက်တွေကို အစိုးရဘက်က အခုလို လက်ခံလိုက်တဲ့အတွက်ဒီရက်ပိုင်း ကျင်းပခဲ့ တဲ့ ဆွေးနွေးပွဲ ၂ ခုဟာ မျှော်လင့်တာထက်ပိုမိုအောင်မြင်ကြောင်းနဲ့ နောက်ဆုံး အခြေအနေအရ UNFC အဖွဲ့ ၇ ဖွဲ့ထဲက အများစုဟာ NCA ကိုလက်မှတ်ထိုးမယ့် အလားအလာရှိနေကြောင်း၊ ဒါပေမယ့် အရင် အတွေ့အကြုံ အရ ပြောင်းလဲမှုလည်း ပေါ်ပေါက်နိုင်ကြောင်း သူက ပြောပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်နေသူတချို့ရဲ့ ပြောဆိုချက်အရ မွန်ပြည်သစ်ပါတီနဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ခေါင်းဆောင်အများစုက NCA ကိုလက်မှတ်ထိုးဖို့ လိုလားနေပြီး ရှမ်းခေါင်းဆောင်တချို့ကတော့ ဝတွေနဲ့ မိတ်ပျက်မှာကို စိုးရိမ်နေကြကြောင်း၊ KIO ကချင်လွတ်မြောက်ရေးအဖွဲ့အတွင်းမှာလည်း ဗိုလ်ချုပ် ဂွမ်မော်နဲ့ ကချင်ခေါင်းဆောင် တချို့က လက်မှတ်ထိုး လိုပေမယ့် UWSA နဲ့ ပူးပေါင်းလိုသူသဘောထားတင်းမာ တဲ့ ခေါင်းဆောင်တချို့ လည်း ရှိနေကြောင်း သိရပါတယ်။

တပြိုင်နက်မှာပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့တပ်မတော်ခေါင်းဆောင်တွေအကြား ဆက်ဆံရေးဟာ ဒီနှစ်ဆန်းပိုင်းကစပြီး တိုးတက်ကောင်းမွန်လာနေတယ်လို့လည်း နေပြည်တော် အသိုင်းအဝန်း က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။