စေတနာ့ဝန်ထမ်းတွေနဲ့ ပြည်တွင်းမှာ စာသင်ပေးခဲ့ကြတဲ့ Peace Corps Myanmar အဖွဲ့ဟာ ပြည်တွင်းရေး မတည်ငြိမ်မှုကြောင့် ပိတ်သိမ်းလိုက်ပြီလို့ ဧပြီလ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး နောက်ဆက်တွဲအခြေအနေတွေအရ ပြည်တွင်းမတည်ငြိမ်မှု တွေကြောင့် ပိတ်သိမ်းလိုက်ရတာလို့ အမေရိကန်အခြေစိုက် Peace Corps ရဲ့ အမှုဆောင် အရာရှိချုပ် Carol Spahn က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
"စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ မတည်ငြိမ်မှု၊ တိုင်းပြည်မငြိမ်သက်မှုနဲ့ လက်နက် ကိုင် ပဋိပက္ခတွေကြောင့် စေတနာ့ဝန်ထမ်းတွေ ဘေးကင်းကင်း ပြန်လာနိုင်ဖို့ မစီစဉ် နိုင်တော့ပါဘူး။ သေချာစဉ်းစားပြီး နောက်မှာတော့ Peace Corps Myanmar ကို ပိတ်တော့မှာ ဖြစ်ပါတယ်"
Peace Corps ဟာ မြန်မာနိုင်ငံမှာ စေတနာ့ဝန်ထမ်း ၈၇ ယောက်နဲ့ မြန်မာပြည်မှာ ရုံးစဖွင့်တဲ့ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ မတ်လအထိ အင်္ဂလိပ်စာပညာရေးနဲ့ မြန်မာ ကျောင်းတွေ၊ ကျေးလက်ဒေသတွေမှာ သင်ကြားပေးခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။
သူတို့အနေနဲ့ ပြည်တွင်းလုံခြုံမှုရှိတဲ့ အခြေအနေပြန်ရောက်မှ မြန်မာနိုင်ငံကို ပြန်လာမယ် လို့လည်း ရေးသားထားပါတယ်။
Peace Corps ဟာ နိုင်ငံတကာ ဖွံ့ဖြိုးရေးအစီအစဉ်တွေထဲက တစ်ခုဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်၊ စိုက်ပျိုးရေး၊ လူမှုစီးပွား ဖွံ့ဖြိုးရေး၊ လူငယ်ဖွံ့ဖြိုးရေး တို့အတွက် စေတနာ့ဝန်ထမ်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်နဲ့ ဒေသအလိုက် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး နေရတဲ့ စစ်ဘေးဒုက္ခသည် ငါးသိန်းခြောက်သောင်းကျော် ရှိပြီလို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) က ဧပြီ လ ၁၉ ရက် မနေ့က ထုတ်ပြန် ထားပါတယ်။