ငြိမ်းချမ်းရေးကိစ္စ တပ်မတော်နဲ့သာ ဆွေးနွေးရမယ်လို့ တိုင်းရင်းသားအဖွဲ့တချို့ကို အကြောင်းကြား

ရဲစည်သူကာ (ဝါရှင်တန်ဒီစီ)
2021.02.10

တပ်မတော်က အာဏာသိမ်းလိုက်ပြီဖြစ်တာကြောင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ NRPC မရှိတော့ဘဲ တပ်မတော်က ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ပဲ ဆက်ဆွေးနွေးရမယ်လို့ တိုင်းရင်းသားအဖွဲ့တချို့ကို တပ်မတော်က အသိပေးပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်စောပိုင်းက တပ်မတော်က အရပ်သားခေါင်းဆောင်တွေကို ဖမ်းဆီးပြီး စစ်အာဏာသိမ်းခဲ့ပါတယ်။

ဒီလိုအာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် အပါအဝင် အရပ်သားဝန်ကြီးတွေကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး ဝန်ကြီးဌာနတွေနဲ့ ကော်မရှင်တွေ ပြင်ဆင်ဖွဲ့စည်းတာတွေ လုပ်နေပါတယ်။

တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး အဓိကလုပ်ဆောင်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက် နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC က မရှိတော့တာကြောင့် တပ်မတော် က ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးအဖွဲ့နဲ့ ဆွေးနွေးရမယ်လို့ ခေါ်ယူပြောခဲ့ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။

"ကျနော်တို့ကို တိုင်းမှူးကခေါ်ပြီးတော့ ပြောခိုင်းတာပေါ့၊ လောလောဆယ်သူတို့က အာဏာ ထိန်းသိမ်း လိုက်ပြီ ဖြစ်တဲ့အတွက် NRPC လည်း မရှိတော့ဘူး ဒါကြောင့်မို့ တပ်ကနေ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေး အကျိူးဆောင်အဖွဲ့တွေနဲ့ဘဲ ရှေ့ဆက်ပြီးမှ ညှိနှိုင်းဖို့ ပြောတာရှိတယ်။"

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၂ ရက်နေ့မှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက ခေါ်ယူပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ ဖေဖော်ဝါရီလအတွင်း တွေဆုံဖို့စီစဉ်ထားတာဟာလည်း စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ပွဲပျက်သွားပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ တပ်ကဖွဲ့စည်းထားတဲ့အဖွဲ့ကလည်း တွေဆုံဖို့ အကြောင်းကြားတာမရှိသေးဘူးလို့ ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။

NRPC ကို ဖျက်သိမ်းလိုက်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို အကြောင်းကြားတာ ရှိ၊ မရှိ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေကို ဆက်သွယ်မေးမြန်းရာမှာတော့ အကြောင်းကြားတာမရှိဘူးလို့ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

လက်တလော အစည်းအဝေးကိစ္စတွေနဲ့ ခေါင်းဆောင်တွေဟာ ထိုင်းနိုင်ငံကိုရောက်ရှိနေတာ၊ ပြည်တွင်းမှာ ရှိတဲ့ ရုံးတွေကလည်း စစ်အာဏာသိမ်းပြီး ဆက်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ထားတာတွေကြောင့် ပုံမှန်မလုပ်နိုင်သေးတာကြောင့် မသိရသေးဘူးလို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းတာကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ထိခိုက်နိုင်ပြီး ပြည်ထောင်စုအဆင့် ဆွေးနွေးဖို့ လက်ရှိအစိုးရက တရားဝင်မှုရှိမရှိက သုံးသပ်ရဦးမယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

"ကျနော်တို့ ငြိမ်းချမ်းလုပ်ငန်းစဉ်တစ်ခုလုံးကို ခြုံကြည်ရင်တော့ ထိခိုက်တာပေါ့ဗျာ၊ ယုံကြည်မှုရတာတွေ ပျက်ပြယ်သွားတယ်၊ တစ်ဘက်နဲ့တစ်ဘက် ပြည်ထောင်စု တည်ဆောက်ကြမယ်ဆိုတဲ့ ကတိကဝတ် တွေကလည်း စိတ်မချရတော့ဘူးလို ဖြစ်သွားတာပေါ့၊ သို့သော်လည်း ဆက်လက်ဆွေးနွေးရမှာတော့ သေချာတယ်၊ ဆက်လက်ဆွေးနွေးဖို့ကလည်း ကျနော်တို့က တရားဝင်ဖို့လိုတယ်၊ ကျနော်တို့ဆွေးနွေးတဲ့ ဘက်က တရားဝင်မှုရှိသလား၊ တရားဝင်မှုဆိုတာ ပြည်တွင်းဥပဒေရော နိုင်ငံတကာဥပဒေနဲ့ရော တရားဝင်မှု ရှိသလားဆိုတာ သုံးသပ်ဖို့လိုတာပေါ့၊ ဒါမှသာ ကျနော်တို့က နိုင်ငံရေးဆွေးနွေးပွဲလို၊ ပြည်ထောင်စု တည်ဆောက်ရေးဆွေးနွေးပွဲလို သွားလို့ရမှာ။"

သာမန်အောက်ခြေမှာ အပစ်ခတ်ရပ်စဲရေးကို ထိန်းသိမ်းတာတို့၊ ကိုယ်ပြည်သူလူထုကို ကာကွယ်ရမှာ စတဲ့ကိစ္စတွေကို တစ်ဖွဲ့ချင်းဆွေးနွေးလို့ရပြီး ပြည်ထောင်စုအရေး၊ နိုင်ငံရေး ဆုံးဖြတ်ချက်တွေရဖို့ ဆွေးနွေးပွဲကတော့ စောင့်ကြည်ရအုံးမယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

တပ်မတော်က NRPC ဖျက်သိမ်းခြင်း ရှိ၊ မရှိနဲ့ တိုင်းရင်းသားအဖွဲ့တွေကို အကြောင်းကြားခြင်း ရှိ၊ မရှိ သိရဖို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး၊

NRPC ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာ တင်မျိုးဝင်း၊ ဦးကျော်တင့်ဆွေ စတဲ့ အရပ်သားခေါင်းဆောင် တွေ တပ်မတော်က ဖမ်းဆီးထားပေမယ့် NRPC ဖျက်သိမ်းတယ်ဆိုတာ မတွေ့ရသေးကြောင်းနဲ့ လက်တလော ဆောင်ရွက်မှုမရှိတာဘဲ တွေ့ရတယ်လို့ အမည်မဖော်လို့တဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်တစ်ဦးက ပြောပါတယ်။

လက်ရှိ တပ်မတော်က အာဏာသိမ်းပြီးနောက် အစိုးရအဖွဲ့တွေ ဝန်ကြီးဌာနတွေ၊ ကော်မရှင်တွေကို ဖျက်သိမ်းတာတွေနဲ့ အသစ်ဖွဲ့စည်းတာတွေ တစ်ပြိုင်တည်းလုပ်တာတွေရှိပြီး NRPC နဲ့ပက်သက်ပြီး ဘာမှဆောင်ရွက်တာ မတွေရသေးဘူးလို့ ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းတာကြောင့် တိုင်းရင်းသား အပစ်ရပ်ထားတဲ့ အဖွဲ့တွေ၊ အပစ်မရပ်သေးတဲ့အဖွဲ့တွေ ကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကတော့ ဘာမှဆောင်ရွက်တာ မတွေ့ရသေးသလို၊ ရှေ့ဆက်ဘယ်လိုဖြစ်မလဲ ဆိုတာ မသိရသေးဘူးလို့ တိုင်းရင်းသားအဖွဲ့တွေက ဆိုပါတယ်။

လက်ရှိ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေကတော့ စစ်တပ်က အာဏာသိမ်းတာကို ကန့်ကွက်ရှုတ်ချ တာတွေ ပြုလုပ်ကြပြီး မြောက်ပိုင်းမဟာမိတ်လေးဖွဲ့အပါအဝင် UWSA က ဦးဆောင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ပါဝင်တဲ့ FPNCC အဖွဲ့ကတော့ ဘာမှထုတ်ပြန် ပြောဆိုတာ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။