မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲနဲ့ တရုတ်ပြည်ရဲ့ကဏ္ဍ တရုတ်သံရုံး ရှင်းလင်း


2013.04.07
china_flag_guard_305_z.png တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်ရှိ ပြည်သူ့ မဟာခန်းမ အဆောက်အအုံကြီး ရှေ့တွင် အစောင့် တပ်သားတဦး တာဝန်ကျနေပုံ ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP

မြန်မာနိုင်ငံအစိုးရနဲ့ KIO/KIA ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တရုတ်ပြည်ရဲ့အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ရှင်းလင်းထားတဲ့ ကြေညာချက်တစ်စောင်ကို ရန်ကုန်မြို့ တရုတ်သံရုံးက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

တရုတ်ပြည်၊ ရွှေလီမြို့မှာကျင်းပခဲ့တဲ့ အစိုးရနဲ့ KIO တို့ နောက်ဆုံးဆွေးနွေးပွဲမှာ နောက်တစ်ကြိမ် ဆွေးနွေး ပွဲကို ဧပြီလ ၁ဝ ရက်နေ့မတိုင်ခင်ကျင်းပဖို့ သဘောတူ ညီခဲ့ကြပေမယ့်၊ တရုတ်အစိုးရက ကန့်ကွက်ခဲ့တဲ့ အတွက် မြန်မာအစိုးရက ဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်း လိုက်တဲ့ သဘောမျိုး မြန်မာသတင်းမီဒီယာတချို့ က ရေးသားဖေါ်ပြခဲ့ကြပါတယ်။

အဲဒီသတင်းတွေဟာ အဖြစ်မှန်နဲ့ လွဲချော်နေတဲ့အတွက်  တရုတ်သံရုံးအနေနဲ့ စိတ်မကောင်းဖြစ်ရပါတယ် လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဆက်လက်ပြီး မြန်မာ့အိမ်နီးချင်း မိတ်ဆွေစစ်ဖြစ်တဲ့ တရုတ်ပြည်ဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်တဲ့ အချုပ်အခြာအာဏာနဲ့ ဂုဏ်သိက္ခာကို လေးစားသမှုရှိတဲ့အပြင်၊ မြန်မာအစိုးရရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေး၊ တိုင်းရင်းသားချင်း သဟဇာတဖြစ်ရေး ဆောင်ရွက်ချက်တွေကို ထောက်ခံအားပေးနေပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ရွှေလီမြို့မှာ နှစ်ဖက်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို တရုတ်အစိုးရက နှစ်ကြိမ်ကမကထပြု စီစဉ်ပေးခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲတွေကြောင့် မြန်မာအစိုးရနဲ့ KIO/KIA တို့ကြား ယုံကြည်မှု တည်ဆောက်နိုင်ခဲ့သလို၊ တင်းမာမှုပဋိပက္ခတွေကိုလည်း လျှော့ချနိုင်ခဲ့ပြီး အခြေအနေတွေ တဖြည်းဖြည်း တည်ငြိမ်မှုရလာတာနဲ့အတူ လူသားချင်းစာနာရေး အကူအညီတွေလည်း ရောက်ရှိနိုင်တဲ့ အနေအထားဖြစ်ခဲ့ပါတယ်။

ရှေ့အနာဂတ်မှာလည်း တရုတ်ပြည်အနေနဲ့ မြန်မာအစိုးရက တောင်းဆိုလာရင် ဆက်လက်ကူညီသွားမှာဖြစ်ပါတယ်၊ ပြီးခဲ့တဲ့ဆွေးနွေးပွဲ သဘောတူညီချက်အရ နောက်တစ်ကြိမ်ဆွေးနွေးပွဲ မကျင်းပဖြစ်တဲ့ အဓိကအကြောင်းက ထောက်ပံ့ပို့ဆောင်ရေးအစီအစဉ်မှာ ပြဿနာရှိနေလို့ပဲဖြစ်ပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာနဲ့ တခြားသတင်းရင်းမြစ်တွေအရ သြင်္ကန်ပြီးရင် ဆွေးနွေးပွဲတွေ ပြန်စနိုင်တယ်လို့ သိရပါတယ်လို့ ရန်ကုန်မြို့ တရုတ်သံရုံးရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။