သံချပ်ထိုးတဲ့ ဒေါင်းတို့မျိုးဆက် ဒေးဒရဲမှာလည်း တစ်နှစ်စီချခံရ
2020.06.12
တပ်မတော်ကို အကြည်ညိုပျက်စေတယ်ဆိုပြီး ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုခံထားရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနဲ့ ကိုပိုင်ဖြိုးမင်းတို့ သုံးဦးကို ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်တရားရုံးက ဒီနေ့ ဇွန် ၁၂ ရက်နေ့မှာ ထောင်ဒဏ်တစ်နှစ်စီ ချမှတ်လိုက်ပါတယ်။
၂၀၁၉ ခုနစ် သင်္ကြန်ကာလမှာ သံချပ်နဲ့ လှည့်လည်ဖျော်ဖြေခဲ့တဲ့ ဒေါင်းတို့မျိုးဆက်သံချပ် အဖွဲ့ထဲက ကိုဇေယျာ လွင်၊ ကိုပိုင်ရဲသူနဲ့ ကိုပိုင်ဖြိုးမင်းတို့ သုံးဦးဟာ အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က) နဲ့ ဧရာဝတီတိုင်း ဒေးဒရဲမြို့ နယ်အပြင် မအူပင်မြို့နယ်နဲ့ ဖျာပုံမြို့နယ် တရားရုံးတွေမှာလည်း ထောင်ဒဏ် တစ်နှစ်စီ ချမှတ်ခံထားရပါတယ်။ ဇွန် ၁၀ ရက်နေ့က ဖျာပုံ တရားရုံး၊ ၁၁ ရက်နေ့က မအူပင်တရားရုံးနဲ့ ဒီနေ့ကတော့ ဒေးဒရဲမြို့နယ် တရားရုံးက အမိန့်ချလိုက်တာပါ။
တပ်မတော်ကို ဝေဖန်တာတွေများလို့ တပ်မတော်က အငြိုးတကြီး တုံ့ပြန်တာလို့ သံချပ်အဖွဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ကိုဇေယျာလွင်က ပြောပါတယ်။
“ကျနော်တို့ လှုပ်ရှားခဲ့တဲ့ လှုပ်ရှားမှုတစ်ခုကိုပဲ အမှုတွေအများကြီး၊ တရားရုံးတွေအများကြီးနဲ့ ရုံးချိန်းတွေ အများကြီးနဲ့ ဆက်ပြီးတော့ ကျနော်တို့ကို ထောင်ထဲမှာနေရတာကြာအောင် ရည်ရွယ်ချက်ရှိရှိနဲ့ တပ်က စီမံဆောင်ရွက်တဲ့ပုံစံမျိုးပေါ့၊ အငြိုးတကြီး လုပ်ဆောင်တဲ့ ပုံစံမျိုးလို့ပဲပြောရမယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ လှုပ်ရှားမှုတွေက တပ်နဲ့ပတ်သက်ပြီးတော့ တပ်ကိုဝေဖန်တဲ့ လှုပ်ရှားမှုတွေဖြစ်တဲ့ အဲလိုဖြစ်တဲ့ အတွက်ကြောင့် တပ်က ကျနော်တို့ကို အငြိုးအတေးနဲ့ ဒီလိုမျိုးတွေဆောင်ရွက်တယ်လို့ ကျနော်တို့ ယူဆတယ်”
ဒီအဖွဲ့ဟာ သင်္ကြန်ကာလမှာ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းထဲက မြို့နယ်တချို့မှာ သံချပ်နဲ့ လှည့်လည်ဖျော်ဖြေ ခဲ့တာကနေ အခုလို အရေးယူခံရတာဖြစ်ပါတယ်။ သူတို့ သုံးဦးဟာ ဧရာဝတီတိုင်း မြို့နယ်လေးခုက အမှုလေး မှုအပြင် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်နဲ့ ဗိုလ်တထောင်မြို့နယ်တွေမှာလည်း ထောင်ဒဏ် တစ်နှစ်စီ ချမှတ်ခံထားရတာပါ။
မရမ်းကုန်းအမှုတွဲမှာ သူတို့ သုံးဦးအပြင် ကိုဖိုးသားနဲ့ မကေခိုင်ထွန်းလည်း ပြစ်ဒဏ်ချခံထားရပြီး ဗိုလ်တထောင် အမှုတွဲမှာတော့ သူတို့ငါးဦးအပြင် မဆုရတနာမြင့် အပါ ခြောက်ဦး ထောင်ဒဏ်ချမှတ်ခံထားရတာပါ။
ပုဒ်မ ၅၀၅(က) တစ်ခုတည်းနဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေကို တပ်မတော်က မြို့နယ်ခွဲပြီး တရားစွဲထောင်ချတဲ့ လုပ်ရပ်ဟာ ဝေဖန်ရှုတ်ချခံနေရပါတယ်။
ဒီလုပ်ရပ်ဟာ သံချပ်အဖွဲ့ တစ်ခုတည်းတင်မကဘဲ လူ့အဖွဲ့အစည်းရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ခြိမ်းခြောက်လိုက်တာပဲလို့ လူ့အခွင့်အရေးလှုပ်ရှားသူ Equality Myanmar အဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။
“ဒေါင်းတို့မျိုးဆက်ကို အရေးယူတာဖြစ်ပေမယ့် ကျနော်တို့ အခြေခံလူ့အခွင့်ရေးဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်တစ်ခုလုံးကို ခြိမ်းခြောက်တာဖြစ်ပါတယ်၊ ကျနော်တို့ တိုင်းပြည်မှာက ငြိမ်းချမ်းစွာ ပြောဆိုမှုအမှုပိုင်းမှာ ကန့်သတ်မှုရှိသလို့ အထူးသဖြင့် တပ်မတော်နဲ့ အစိုးရကို ဝေဖန်မှုလုပ်ရင် ဒါက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ယုံမကဘဲနဲ့ ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီးတော့ ပိုမိုအပြစ်ပေးအရေးယူတာ ကျနော်တို့ တိုင်းပြည်မှာ မရှိသင့်တော့ပါဘူး”
အခုလို မြို့နယ်တွေခွဲပြီး ပုဒ်မတစ်ခုတည်းနဲ့ တရားစွဲထောင်ချတာကို တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့် ကလည်း ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
“သံချပ်ထိုးတာဟာ နိုင်ငံတော်ပုန်ကန်တာ မဟုတ်ဘူး၊ ထောင်နှစ်ပေါင်းများစွာချတာဟာ မြို့နယ်အသီးသီးမှာ ချတယ်ဆိုတာက နိုင်ငံရေးသိက္ခာ အလွန်မဲ့တာပေါ့၊ အလွန် သားသမီးချင်း ကိုယ်ချင်းမစာတာရောက် တယ်၊ကျနော်ကတော့ လုံးဝရှုတ်ချတယ်၊ သံချပ်ထိုးတာဟာ လက်နက်ကိုင် တော်လှန်တာ မဟုတ်ဘူး”
ဧရာဝတီတိုင်းအတွင်း တရားစွဲဆိုခံထားရတဲ့ အမှုတွေမှာတော့ တရားရုံးကို မယုံကြည်လို့ဆိုပြီး သံချပ်အဖွဲ့က ရှေ့နေငှားရမ်းတာ၊ ပြန်လည်ချေပတာတွေ မလုပ်ခဲ့ကြပါဘူး။
သံချပ်ပါစာသားတွေဟာ တပ်မတော်က စွပ်စွဲသလို တပ်ကိုပြိုကွဲအောင်၊ တပ်တွင်းပုန်ကန်မှုဖြစ်အောင် လုပ်ဆောင်ခဲ့တာမရှိဘဲ တပ်မတော်ကို နိုင်ငံရေးကနေ ထွက်ခွာအောင်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ လွှတ်တော်ထဲက တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထွက်သွားရေးအတွက်ပဲ ရည်ရွယ်ခဲ့တာလို့ ကိုဇေယျာလွင်က ပြောပါတယ်။
အစိုးရအနေနဲ့ လွတ်လပ်စွာပြောဆိုခွင့်ဘက်ကနေ ရပ်တည်ပြီး ဒီလူငယ်တွေ လွတ်မြောက်အောင် လုပ်ဆောင်သင့် တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP အဖွဲ့က ဦးဘိုကြည်က တိုက်တွန်းလိုက် ပါတယ်။
“အစိုးရအနေနဲ့ကလည်း ဒီလူငယ်တွေ လွတ်မြောက်ဖို့ သေသေချာချာ ကြိုးစားသင့်တယ်၊ အစိုးရလုပ်ပိုင်ခွင့် တွေလည်း ရှိနေတာ ရှိတယ်၊ အဲဘောင်ထဲက သေသေချာချာ ကြိုးစားသင့်တယ်၊ အထူးသဖြင့်တော့ လွတ်လပ်စွာပြောဆိုခွင့်ကို ခိုင်ခိုင်မာမာဖြစ်အောင် လွတ်လပ်စွာ ရပ်တည်ခွင့်ဘက်က အစိုးရက ရပ်တည်သင့် တယ်လို့ မြင်ပါတယ်”
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ထောင်ဒဏ်တွေ ချမှတ်ခံရတာနဲ့ပတ်သက်လို့ ကုလသမဂ္ဂမှာရှိတဲ့ မတရားဖမ်းဆီး ခံရသူတွေကို တိုင်ကြားနိုင်တဲ့ဌာနမှာ တိုင်ကြားထားတယ်လို့လည်း ဦးဘိုကြည်က ဆက်ပြောပါတယ်။
တပ်မတော်က ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို အခုလို မြို့နယ်အလိုက် တရားစွဲဆိုထောင်ချတာနဲ့ ပတ်သက်ပြီး အစိုးရဘက်က သဘောထားနဲ့ တပ်မတော်ရဲ့ လုပ်ဆောင်ချက်ဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်စေတယ်ဆိုတဲ့ ဝေဖန်ပြောဆိုချက်တွေအပေါ် သဘောထားကို ရရှိဖို့အတွက် သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို RFA က အွန်လိုင်းကနေ ဆက်သွယ်မေးမြန်းပေမယ့် ပြန်လည်ဖြေကြားတာ မရှိပါဘူး။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကိုလည်း RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ--
“လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်ရင် ကုလသမဂ္ဂကြေညာစာတမ်းမှာလည်း ဘယ်အချက်တွေကိုတော့ မထိခိုက်အောင် လိုက်နာရမယ်ဆိုတဲ့အချက် ပါဝင်ကြောင်း၊ လိုက်နာရမယ့် အချက်တွေကို မလိုက်နာဘူးဆိုရင် တရားဥပဒေအရ အရေးယူအပြစ်ပေးတာတွေ ရှိလာမှာပဲလို့ ပြောပါတယ်။ တပ်မတော်အနေနဲ့ တရားရုံးလုပ်ထုံးလုပ်နည်းတွေအရ ဆောင်ရွက်သွားတာဖြစ်သလို နိုင်ငံသားတိုင်းမှာလည်း ပြန်လည်ချေပခွင့်ရှိကြောင်း၊ ပြစ်မှုထင်ရှားလို့ တရားရုံးက အပြစ်ပေးတာသာ ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါတယ်”
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေဟာ ပုဒ်မ ၅၀၅(က) အပြင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့လည်း အရေးယူခံထားရတာပါ။ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်မှာ ကိုပိုင်ရဲသူ၊ ကိုဇေယျာလွင်၊ ကိုပိုင်ဖြိုးမင်းနဲ့ မဆုရတနာမြင့် တို့ဟာ ပုဒ်မ ၆၆(ဃ)နဲ့ ထောင်ဒဏ် ခြောက်လစီ၊ ဗိုလ်တထောင်မြို့နယ်မှာတော့ မကေခိုင်ထွန်း၊ ကိုပိုင်ဖြိုးမင်းနဲ့ မဆုရတနာမြင့်တို့ကို ထောင်ဒဏ် ခြောက်လစီ ချမှတ်ထားပါတယ်။
ဧရာဝတီတိုင်း ပုသိမ်မြို့နယ်မှာတော့ သံချပ်အဖွဲ့ဝင် ၂၅ ယောက်ကို တပ်မတော်ကပဲ ပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုထားပေမယ့် တရားရုံးတင် စစ်ဆေးတဲ့အဆင့်ကို မရောက်သေးပါဘူး။
သံချပ်အဖွဲ့ဟာ ပုဒ်မ ၅၀၅(က)နဲ့ ငါးမှု၊ ပုဒ်မ ၆၆(ဃ) နဲ့ သုံးမှု စွဲဆိုခံထားရတဲ့အထဲက ကျန်အမှုတွေအားလုံး အမိန့်ချမှတ်ခံခဲ့ရပြီး ပုဒ်မ ၆၆(ဃ)နဲ့ ပုသိမ်အမှုတစ်ခုသာ ရင်ဆိုင်ဖို့ ကျန်ပါတော့တယ်။
တပ်မတော်ကို ဝေဖန်တာတွေ ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ ကိုဇေယျာလွင်က ပြောပါတယ်။
“ကျနော်တို့ လှုပ်ရှားမှုတွေဟာ အခုလိုမျိုး ထောင်တွေချပေမယ့် ဘယ်တော့မှ ရပ်သွားမှာမဟုတ်ဘူး၊ နောက်ထပ် နောက်ထပ် လူတွေကလည်း ဖွဲ့စည်းပုံပြင်ဆင်ဖိ့ုကိစ္စတွေ၊ နိုင်ငံရေးမှာ ဝင်မပါဖို့ကိစ္စတွေကို ကျနော်တို့ မဟုတ်လည်း အခြားလူတွေက ဆက်ပြောနေမှာဘဲ၊ အဲအတွက်ကြောင့် ကျနော်တို့တွေက တပ်ကို ဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူး ၊ဦးညွတ်မှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်”
အမိန့်ချခံရပြီးတဲ့ ခုနှစ်မှုအပြီးမှာတော့ ကိုပိုင်ဖြိုးမင်းက ထောင်ဒဏ် ခြောက်နှစ်၊ ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့က ငါးနှစ်ခွဲစီ၊ မကေခိုင်ထွန်းက နှစ်နှစ်ခွဲ၊ ကိုဖိုးသားနဲ့ မဆုရတနာမြင့်တို့က နှစ်နှစ်စီ အသီးသီးချမှတ်ခံထားရပါတယ်။
ဒီပြစ်ဒဏ်တွေနဲ့ ပတ်သက်လို့ တရားရေးစနစ်ကို မယုံကြည်တာကြောင့် အယူခံဝင်သွားမှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ထားကြပါတယ်။