ပဲခူးရိုးမ သစ်ထုတ်မှု ၁ဝ နှစ်ရပ်ဆိုင်း


2016.07.05
logging-620.jpg ခုတ်ယူထားသော သစ်လုံးများပုံ
Photo: RFA

ပဲခူးရိုးမမှာ သစ်ထုတ်လုပ်မှုတွေကို ဆယ်နှစ်ကြာ ရပ်ဆိုင်းပြီး ပြန်လည်ပြုပြင်ထိန်းသိမ်းမှုတွေ ပြုလုပ်သွားမယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတွေက ပြောပါတယ်။

ပဲခူးရိုးမမှာ အရင်ကသစ်ထုတ်လုပ်မှုတွေများခဲ့သလို တရားမဝင် သစ်ထုတ်နေတာတွေလည်းရှိနေ တာကြောင့် ပြန်လည်ထိန်းသိမ်းဖို့အတွက် ဆယ်နှစ်ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ မြန်မာ့သစ်လုပ်ငန်း ဒုတိယ အထွေထွေ မန်နေဂျာ ဦးအေးချိုသောင်း က ပြောပါတယ်။

"ပဲခူးရိုးမကို သစ်တောဦးစီးဌာနက စာရင်းကောက်တဲ့အခါမှာ အရင်တုန်းက သစ်ထုတ်တဲ့ ပမာဏလည်းများခဲ့တယ်၊ နောက်ပြီးတော့ တရားမဝင်တာတွေလည်းများတော့ ကျနော်တို့ ပဲခူးရိုးမကြီးကို ဝိုင်းပြီးထိန်းဖို့ အစီအစဉ်နဲ့ နားလိုက်တာပါ၊ ကျျနော်တို့ ပြည်သူ့လွှတ်တော်မှာလည်း တရားဝင်တင်ပြထားပါတယ်၊ လောလောဆယ် ၁၀ နှစ်နားဖို့ စီစဉ်ထားပါတယ်၊ ၁၀ နှစ်အတွင်းမှာ သစ်တောပြုစုပျိုးထောင်ခြင်း၊ ကာကွယ်ခြင်းတို့ အဲ့ဒါတွေဆောင်ရွက်သွားမှာပါ"

ပဲခူးရိုးမမှာ ကျွန်းနဲ့ ပျဉ်းကတိုးတွေ အများဆုံးပေါက်ရောက်ပြီး သစ်ရာ၊ အင်ကြင်း၊ ကညင် နဲ့ ပိတောက် စတဲ့ သစ်အမျိုးအစားတွေလည်း ရှိပါတယ်။ အရင်က ပဲခူးရိုးမကနေ သစ်ထုတ်လုပ်မှု အများဆုံးဖြစ်ပြီး အခုနောက်ပိုင်း မှာ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာရှိတဲ့ သစ်တောကြိုးဝိုင်းတွေကနေ သစ်တွေကို ပိုမိုထုတ်ယူနေတာတွေလည်း ရှိနေတယ်လို့ ဦးအေးချိုသောင်း က ပြောပါတယ်။

ပြီးခဲ့တဲ့ ၅ နှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နှစ်စဉ် ကျွန်းတန်ချိန် ၃ သိန်းဝန်းကျင် နဲ့ သစ်မာတန်ချိန် ၁၅ သိန်းဝန်းကျင်လောက်အထိ ထုတ်လုပ်ခဲ့ပေမယ့် လာမယ့်နှစ်ကစပြီး ကျွန်းတန်ချိန် ၁ သောင်းခွဲ နဲ့ သစ်မာ တန်ချိန် ၃ သိန်းခွဲဝန်းကျင်လောက်သာ ခုတ်ယူခွင့်ပြုမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သစ်ထုတ်လုပ်မှုကို တစ်နှစ်ရပ်ဆိုင်းသွားမှာ ဖြစ်ပြီး လာမယ့် ၂၀၁၇-၂၀၁၈ ခုနှစ်မှသာ ပဲခူးရိုးမကလွဲပြီး ကျန်တဲ့နေရာတွေမှာ သစ်ထုတ်လုပ်မှုတွေ ပြန်လည်ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် မတ်လကုန်ကစပြီး နိုင်ငံခြားကို သစ်အလုံးလိုက်တင်ပို့တာတွေ ရပ်နားလိုက်ပြီး ပရိဘောဂတွေနဲ့ အထပ်သား စတဲ့ သစ်အချောထည်တွေကိုသာ နိုင်ငံခြားကို လက်ရှိ တင်ပို့နေတာ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သစ်ထုတ်လုပ်မှုကို တစ်နှစ်ရပ်ဆိုင်းသွားမှာဖြစ်ပြီး ပဲခူးရိုးမမှာ သစ်ထုတ်လုပ်ခွင့်ကို ၁၀နှစ် ရပ်ဆိုင်းမှာဖြစ်တယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မြန်မာ့သစ်လုပ်ငန်း ဒုတိယအထွေထွေမန်နေဂျာ ဦးအေးချိုသောင်း က ပြောပါတယ်။

လာမယ့်နှစ်ကစပြီး ကျွန်းနဲ့ သစ်မာ ထုတ်ယူခွင့်ကို လျှော့ချသွားမယ်လို့လည်း ဦးအေးချိုသောင်း က ပြောပါတယ်။ ဦးအေးချိုသောင်း ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။