စစ်ကောင်စီနဲ့ နီးစပ်သူတွေကို ဖျော်ဖြေခဲ့တဲ့ မြို့မတူရိယာအသင်း ဝေဖန်ခံနေရ

ကိုဂျေ(ဝါရှင်တန် ဒီစီ)
2021.05.25

အာဏာသိမ်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့တဲ့၊ မန္တလေးမြို့က ရတနာပုံ ခန်းမဖွင့်ပွဲမှာ မန္တလေးမြို့က နာမည်ကျော် မြို့မအသင်းကြီးက တက်ရောက်ဖျော်ဖြေခဲ့တဲ့အတွက် လူထု အကြား ဝေဖန်မှုတွေ မြင့်တက်နေတာလို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

မေလ ၁၇ ရက်နေ့က ဖွင့်ပွဲလုပ်ခဲ့တဲ့ ရတနာပုံခန်းမ မြေနေရာဟာ၊ မန္တလေးမြို့ ၃၈ လမ်းနဲ့ ၇၈ လမ်းထောင့် မှာ တည်ရှိပြီး၊ အရင်က စစ်တပ်ပိုင်မြေဖြစ်ခဲ့သလို၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့သားက ဒီခန်းမကို ဦးဆောင်ဖွင့်လှစ်ခဲ့တာလည်း ဖြစ်ပါတယ်။

လူတွေဟာ မြို့မအသင်းကိုမုန်းတာမဟုတ်ဘဲ၊ လက်ရှိ စီမံခန့်ခွဲတဲ့သူတွေကို မနှစ်သက်တာဖြစ်လို့ အမှုဆောင် တွေ၊ နာယကတွေနုတ်ထွက်ပြီး အမှားကိုတောင်းပန်တာမျိုးနဲ့ တာဝန်ယူသင့်တယ်လို့ မန္တလေးမြို့က အမည် မဖော်လိုတဲ့ ဝါရင့်စာရေးဆရာတစ်ယောက်က ပြောပါတယ်။

"အမှုဆောင်အဖွဲ ပြန်ဖွဲ့မယ်ဆိုရင် မြို့မိ၊ မြို့ဖတွေရှေ့မှာ အသင်းသားအားလုံး မျက်နှာစုံညီရှေ့မှာ ဆန္ဒမဲနဲ့ ဖွဲ့စည်းပုံမှာပါတဲ့ စည်းမျဉ်းနဲ့ကိုက်သူတွေ ပြန်ဖွဲ့ရမယ်။ ချမှတ်ထားတဲ့ စည်းကမ်းတွေနဲ့အတူ ကိုင်တွယ် ရမှာပဲ၊ မြို့မမှာ မဏ္ဍိုင်နှစ်ခုရှိတယ်။ ပညာရေးမဏ္ဍိုင် ရှိတယ်။ အုပ်ချုပ်ရေးမဏ္ဍိုင် ရှိတယ်"

အဲဒီအခမ်းအနားကို ဖျော်ဖြေဖို့အတွက် မြို့မအဖွဲ့ကို စစ်ကောင်စီက ဖိတ်ခေါ်ခဲ့တဲ့နောက် အသင်းသူ၊ အသင်း သားတွေ သဘောထားမတူညီခဲ့ကြတဲ့အတွက် တီးခတ်သူ သုံးပုံ နှစ်ပုံခန့်သာ တက်ရောက်ခဲ့ပြီး အဆိုတော် တစ်ယောက်သာ တက်ရောက်ခဲ့တယ်လို့လည်း မြို့မအသင်းအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အဲဒီလိုနုတ်ထွက်သွားတဲ့အတွက် မြို့မအသင်းဟာ ရတနာပုံခန်းမ ဖျော်ဖြေပွဲမှာ၊ ပြင်ပက အဆိုရှင်တွေနဲ့ ယဉ်ကျေးမှုတက္ကသိုလ်က ကျောင်းသူ၊ ကျောင်းသားတွေနဲ့အတူ ဝင်ရောက်ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။

မန္တလေးမြို့ရဲ့ နာမည်ကျော် မြို့မအသင်းကို ၁၉၂၅ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာကြောင့် အခုဆိုရင် ၉၆ နှစ် သက်တမ်းရှိပြီဖြစ်ပါတယ်။

မြို့မအသင်းဟာ စတင်ဖွဲ့စည်းတဲ့ ၁၉၂၅ ကနေ ၁၉၉၃ ခုနှစ်အထိ အနှစ် ၇၀ နီးပါးအတွင်းမှာ စနစ်ကျတဲ့ ဖွဲ့စည်းပုံရဖို့အတွက် လေးကြိမ်တိတိ ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့တယ်လို့လည်း မြို့မအဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။

"မြို့မက ပြည်သူ့အဖွဲ့အစည်းပါ။ မည်သည့်အာဏာပိုင်များ ထူထောင်ထားတဲ့ အဖွဲ့အစည်း မဟုတ်ပါ။"

မြို့မအသင်းရဲ့ဖွဲ့စည်းပုံမှာ အမှုဆောင်တွေဆိုရင် အသင်းသားစစ်စစ်တွေနဲ့ သူတို့ရဲ့မျိုးဆက်တွေ၊ အသင်း ထဲမှာ အမြဲပါဝင်ခဲ့သူတွေ၊ ဂီတကိုကျွမ်းကျင်သူတွေ၊ နာယကဆိုရင် အသင်းကို စတင်တည်ထောင်သူတွေနဲ့ ဆက်စပ်ပြီး ဒေသအကျိုးလုပ်ခဲ့သူတွေဖြစ်ရမယ်ဆိုတဲ့ တိကျတဲ့အချက်လက်တွေ ထည့်သွင်းရေးဆွဲထား ပေမယ့် လက်ရှိ တာဝန်ရှိသူတွေမှာ အဲဒီအချက်လက်တွေနဲ့ မကိုက်ညီသူတွေ ပါဝင်နေတယ်လို့ မန္တလေးမြို့က မြို့မချစ်သူတွေက ပြောပါတယ်။

အလှူမင်္ဂလာပွဲမဟုတ်တဲ့ ထူးခြားတဲ့ပွဲတွေမှာ အမှုဆောင်အဖွဲ့က အစည်းဝေးထိုင်ပြီးမှ၊ ဖျော်ဖြေပွဲ လိုက်သင့် မလိုက်သင့် ဆုံးဖြတ်ရမယ်လို့ ဖွဲ့စည်းပုံမှာ ရေးသားထားပေမယ့် ရတနာပုံခန်းမ ဖွင့်ပွဲလက်ခံခဲ့တာကိုတော့ အမှုဆောင်အချို့ မသိခဲ့ကြရဘူးလို့ မြို့မတူရိယာအသင်း တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

"တာဝန်ရှိသူတစ်ယောက်အနေနဲ့ ဒီကိစ္စကြီး ဖြစ်သွားတာ တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်။ မလူးသာ၊ မလွန့်သာ အခြေအနေမှာ လုပ်ခဲ့ရတယ်။ အမှုဆောင်အဖွဲ့မစုံဘဲနဲ့ လုပ်လိုက်တဲ့အတွက် စိတ်မ ကောင်းဖြစ်မိတယ်။ ပြည်သူလူထုက ဒီအာဏာရှင်ကို ဆန့်ကျင်နေချိန်မှာ သူတို့ကိုထောက်ခံအားပေးတဲ့ ပုံစံမျိုး တိုက်ရိုက် ပေါက်သွားတယ်။ မြို့လူထုရဲ့ ထောက်ခံမှု တော်တော်ကျဆုံးသွားတယ်"

myoma.jpg
(၂၀၂၁ မေလ ၁၈ ရက်နေ့ ရတနာပုံခန်းမဖွင့်ပွဲမှာ ဖျော်ဖြေခဲ့တဲ့ ငွေငန်းမြို့မအသင်းကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆုချစဉ်)

မြို့မအသင်းက အဆိုတော်တစ်ယောက်ကလည်း သူတို့အနေနဲ့ မြို့မ အရှည်တည်တန့်ဖို့ လုပ်ဆောင်ခဲ့ ရတာဖြစ်ပြီး ဒီပွဲနဲ့ပတ်သက်ပြီး ဘယ်လောက်ရမလဲဆိုတာတောင် မေးခွင့်မရှိတဲ့ပွဲပါ လို့ RFA ကို ပြော ပါတယ်။

"အနုပညာလောကသူတွေကိုယ်တိုင်က မြို့မကို ထိုးချသလိုဖြစ်နေတယ်။ မန္တလေးမှာ မြို့မက ပွဲအများဆုံး ဖြစ်တယ်။ မြို့မ မအားမှတီးရသူတွေက ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာတွေလည်း ရှိမှာပေါ့၊ ဝေဖန်မှုတွေ ကြုံနေ ရတော့ ပြောရရင်တော့ အခုအခါမှာလည်း စိတ်မချမ်းမြေ့ခြင်းများစွာနဲ့ နေနေရတာပေါ့၊ ဘယ်လိုအခြေ အနေပဲရှိရှိ ပရိတ်သတ်တွေကသာ အားပေးနေရင် မြို့မက ဆက်ရှိနေမှာပါ"

မြို့မမှာ သတ်မှတ်ထားတဲ့ စည်းကမ်းချက် နောက်တစ်ခုကတော့ မြို့မစင်ပေါ်မှာ မြို့မသီချင်းကလွဲရင် ကျန်တဲ့သီချင်း သီဆိုခွင့်မရှိလို့ သတ်မှတ်ထားပေမယ့် ရတနာပုံခန်းမဖွင့်ပွဲမှာတော့ တပ်မတော်နဲ့ ပတ်သက်တဲ့ သီချင်း သီဆိုသွားတာကလည်း စည်းကမ်းချက်ကို ချိုးဖောက်သွားတယ်လို့ မြို့မချစ်သူတွေက ပြောကြ ပါတယ်။

မြို့မအသင်းအနေနဲ့ နောက်အခါတွေမှာ ပြည်သူတွေနဲ့ သဘောထား မကိုက်ညီတဲ့ပွဲတွေကို လက်မခံဖို့ လိုတယ်လို့ မန္တလေးမြို့က ဒေသခံတစ်ယောက်က ပြောပါတယ်။

"မြို့မက ပြည်သူ့အဖွဲ့အစည်းပါ။ မည်သည့်အာဏာပိုင်များ ထူထောင်ထားတဲ့ အဖွဲ့အစည်းမဟုတ်ပါ။ ကနေ့အချိန်က အသင်းခိုင်မာဖို့ ပိုပြီးတော့တောင် စည်းကမ်းချက်တွေ ထုတ်သင့်တယ်။ တောင်းပန်မယ် ဆိုတာထက် လက်တွေ့ကျကျ ပြုပြင်တည်ဆောက်ခြင်းက ပိုပြီး အဓိပ္ပာယ်ရှိလိမ့်မယ်လို့ ယူဆတယ်"

မြို့မအသင်းဟာ ပုံမှန်ဖျော်ဖြေပွဲတွေမှာ ပွဲတစ်ပွဲကို ကျပ်ငါးသိန်းခန့် ရရှိပေမယ့် အခု စစ်ကောင်စီက ပြုလုပ်ခဲ့တဲ့ ရတနာပုံခန်းမ ဖွင့်ပွဲမှာတော့ ငွေကြေး ဘယ်လောက်ရခဲ့သလဲဆိုတာကို အသင်းသားတွေအနေနဲ့ မသိရှိကြဘူးလို့ RFA ကို ပြောကြပါတယ်။

ရတနာပုံခန်းမ ဖွင့်ပွဲတက်ရောက်ခဲ့တဲ့ မြို့မ ငွေငန်းကို အခုအခါမှာတော့ ပြည်သူတွေဟာ မှားယွင်းတဲ့ စာလုံးပေါင်းနဲ့ ငွေငမ်း ဆိုပြီး ခေါ်ဆိုရေးသားနေကြတဲ့အတွက် လာမယ့် ၂၀၂၅ ခုနှစ်မှာ ကျရောက်မယ့် မြို့မ နှစ် ၁၀၀ ပြည့်ပွဲမှာတော့ စာလုံးပေါင်းအမှန်နဲ့ ငွေငန်း အဖြစ် ခေါ်ဆိုအသိအမှတ်ပြုနိုင်ဖို့ မန္တလေးမြို့က မြို့မချစ်သူတွေက မျှော်လင့်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။