ပြည်သူ့ဖိုရမ်က အကြံပြုချက်တွေ နိုင်ငံတော် သမ္မတထံ ပို့မည်


2013.12.30
people-fourm-305 people-fourm-305
Photo: RFA

မြန်မာနိုင်ငံမှာ ၂၀၁၄ ခုအတွင်းကျင်းပမယ့် အာဆီယံလူထုဖိုရမ်အတွက် အကြိုကျင်းပတဲ့ မြန်မာပြည်သူ့ဖိုရမ်ကနေ ရရှိလာတဲ့ အကြံပြုချက်တွေကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို ပေးပို့သွားမယ်လို့ ဆွေးနွေးပွဲစီစဉ်သူတွေက ဒီကနေ့ ပြောလိုက်ပါတယ်။

ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာမှာ အခုလ ၂၈ ရက်နေ့ကနေ ၃၀ ရက် ဒီနေ့ အထိ ၃ ရက်ကြာ ဆွေးနွေးပွဲကနေ ထွက်ပေါ်လာတဲ့ အကြံပြုချက်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲစီစဉ်သူ Equality Myanmar အဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက RFA ကိုအခုလိုပြောပါတယ်။

" အခုချိန်ထိ ကျွန်တော်တို့မှာ ဒီထက်ပိုကောင်းအောင် လုပ်ဆောင်ဖို့လိုအပ်သေးတယ် ပြည်သူလူထုအနေနဲ့ အစိုးရရဲ့ ပြောနေတဲ့ ပြုပြင်ပြောင်းလဲဖို့ ကိစ္စ ကျွန်တော်တို့ ဖွံ့ဖြိုးရေးမှာပဲ ကြည့်ကြည့်၊ ငြိမ်းချမ်းရေးမှာပဲ ကြည့်ကြည့်၊ လူ့အခွင့်အရေးမှာပဲ ကြည့်ကြည့် သိပ်ပြီးတော့ အားရဖို့မရှိသေးတဲ့ အသံတွေထွက်လာပါတယ်၊ အဲ့တော့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာ ကြည့်မယ်ဆိုရင် အစိုးရက ငြိမ်းချမ်းရေးလို့ ပြောနေပေမယ့် ဆွေးနွေးနေတဲ့ တစ်ချိန်တည်းမှာပဲ စစ်တပ်ကနေ တိုက်ခိုက်မှုတွေ ရှိတယ်ဆိုတဲ့ အချက်တွေ ကြည့်မယ်ဆိုတဲ့ အချက်တွေ ကြည့်မယ်ဆိုရင် ပြောသလောက် မအောင်မြင်သေးဘူး၊ ကြားသလောက် မပြောင်းလဲသေးဘူးဆိုတာကို တွေ့နေပါတယ်၊ ဒါကတော့ အနှစ်ချုပ် အချက်ဖြစ်ပါတယ်"

ဒါ့အပြင် ဒီဆွေးနွေးပွဲကနေ ထွက်ပေါ်လာတဲ့ အကြံပြုချက်တွေကို လာမယ့် ၂၀၁၄ ရန်ကုန်မြို့မှာကျင်းပမယ့် အာဆီယံလူထုဖိုရမ်ဆွေးနွေးပွဲနဲ့ အာဆီယံ အရပ်ဘက်အဖွဲ့အစည်းများ ညီလာခံမှာလည်း ဆက်လက်ဆွေးနွေးကြမှာဖြစ်ပါတယ်။

အဲဒီ မြန်မာပြည်သူ့ဖိုရမ်ကို အစိုးရဝန်ကြီးဌာတွေက တာဝန်ရှိသူတွေအပါအဝင် အရပ်ဘက် လူမှုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

သတင်းထောက် ကိုမျိုးဇော်ကိုရဲ့တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။