မြို့ပေါ်တွေမှာ သေနတ်နဲ့ပစ်ခံရလို့ သေဆုံးခဲ့ရသူတွေရှိနေ
2021.02.21
ဖေဖော်ဝါရီ ၂၁ ရက်နေ့ မနေ့ညက ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် (တ) ၁၅ ရပ်ကွက်မှာ ကိုယ်ထူကိုယ်ထ လုံခြုံရေး ကင်းစောင့်နေတဲ့ ကိုတင်ထွဋ်ဟိန်းရဲ့ ဦးခေါင်းကို ည ၁၁ နာရီ ၄၅ မိနစ်လောက်မှာ ရပ်ကွက်ထဲ ဝင်လာတဲ့ ရဲကားတစ်စီးပေါ်ကနေ သုံးချက်တိတိ သေနတ်နဲ့ ပစ်သွားတာကြောင့် နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။
သေနတ်နဲ့ အပြစ်ခံလိုက်တဲ့ ကိုတင်ထွဋ်ဟိန်း အမျိုးသမီးက ရွှေပြည်သာမြို့နယ် ရဲစခန်းမှာ သွားရောက် အမှုဖွင့်ရာမှာ အမှုဖွင့်ခွင့် မပေးဘူးလို့ သူ့ဇနီးဖြစ်သူ မသင်းသင်းက ပြောပါတယ်။
သေဆုံးသူ ကိုတင်ထွဋ်ဟိန်း ရဲ့ ရုပ်အလောင်းက လက်ရှိ လှိုင်သာယာဆေးရုံမှာ ရှိနေပါတယ်။
လာရောက်ပစ်ခတ်တဲ့ ရဲကားပေါ်မှာ သေနတ်တွေနဲ့ချိန်ထားတဲ့ ရဲ ၅ ယောက်နဲ့ အရပ်ဝတ်လူ ၂ ယောက်ပါတာ ကို အခင်းဖြစ်နေရာမှာ ရောက်ရှိနေသူတွေ ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းတွေမှာ တွေ့ရပါတယ်။
နိုင်ငံတော်ပုန်ကန်မှုတောင် လုပ်ထားတဲ့အဖွဲ့အစည်းဟာ ကျန်တာတွေ ဆက်ကျူးလွန်ဖို့ ဘာမှ ဝန်လေးနေမှာ မဟုတ်ဘူးလို့ ရွှေပြည်သာမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇော်ထွေးက ပြောပါတယ်။
သေဆုံးသူ ကိုတင်ထွဋ်ဟိန်း ဟာ အသက် ၃၀ အရွယ်ရှိပြီး ဇနီးနဲ့ အသက် ၅ နှစ်အရွယ် ကလေးတစ်ယောက် ကျန်ခဲ့ပါတယ်။
အလားတူပဲ ဖေဖော်ဝါရီ ၁၅ ရက်နေ့က တနင်္သာရီတိုင်း မြိတ်မြို့မှာ ညကင်းစောင့်ရင်း အကြမ်းဖက်သူတွေက ရိုက်နှက်မှုကြောင့် အသက် ၁၈ နှစ်အရွယ် မောင်နေနေဝင်းထက် ဆိုသူ လူငယ်တစ်ဦး သေဆုံးခဲ့ရပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာ အာဏာသိမ်းစစ်ကောင်စီက တစ်ပြည်လုံး အကျဉ်းထောင်တွေ ကနေ အကျဉ်းသား ၂၃၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပြီးနောက် အကြမ်းဖက်သူတွေ ရပ်ကွက်တွင်း ဝင်ရောက်တာတွေရှိနေလို့ ပြည်သူတွေဟာ ရပ်ကွက်လမ်းတွေမှာ ကိုယ်ထူကိုယ်ထ ညဘက်မှာ ကင်းစောင့်နေကြတာဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက် မနေ့ညကပဲ ဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပါဝင်ဖို့ လှုံ့ဆော်တယ်ဆိုပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ ရုပ်ရှင်သရုပ်ဆောင် လူမင်းကို နေအိမ်ထဲ ဝင်ရောက်ဖျက်ဆီးပြီး ဖမ်းဆီးသွားတယ်လို့ ဇနီးဖြစ်သူ ခင်စံပါယ်ဦးက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ လိုက်ဖ်လွှင့် ပြောကြားထားပါတယ်။
ထင်ပေါ်ကျော်ကြားမှုကို အသုံးချပြီး ပြည်သူ့ဝန်ထမ်းတွေကို CDM မှာ ပါဝင်ရေး လှုံဆောင်တယ်ဆိုပြီး သရုပ်ဆောင် လူမင်း၊ ပြေတီဦး၊ ဒါရိုက်တာ ဝိုင်း၊ ဏကြီး၊ ကိုပေါက်နဲ့ အဆိုတော် အနဂ္ဂတို့ ၆ ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က နဲ့ တရားစွဲပြီး ဖမ်းဝရမ်းထုတ်ထားတာဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ လ ၁ ရက်နေ့မှ ဖေဖော်ဝါရီ ၂၀ ရက်နေ့အထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၅၆၉) ဦးထိ ရှိနေပြီဖြစ်ပါတယ်။
အာဏာသိမ်းစစ်အစိုးရကို တစ်ပြည်လုံးမှာ ဆန့်ကျင်ဆန္ဒပြနေကြရာမှာ ဖေဖော်ဝါရီ ၉ ရက်နေ့က နေပြည်တော်မှာ မမြသွဲ့သွဲ့ခိုင် ဆိုသူ မိန်းကလေးငယ် သေနတ်ထိမှန်ခဲ့လို့ သေဆုံးခဲ့ရသလို ဖေဖော်ဝါရီ ၂၀ ရက်နေ့ကလည်း မန္တလေး ရတနာပုံ သင်္ဘောကျင်းအနီးမှာ ဆန္ဒပြသူတွေကို စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ပစ်ခတ်လို့ လက်ရှိစာရင်းအရ ၂ ဦး သေဆုံးခဲ့ပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က မမြသွဲ့သွဲ့ခိုင် နေပြည်တော်မှာ သေနတ်ကျည်ဆံ ထိမှန်ခဲ့တာကို စစ်ဆေးနေဆဲရှိပြီး လက်ရှိ သတင်းထုတ်ပြန်ခြင်း မရှိသေးသလို မန္တလေး ရတနာပုံ သင်္ဘောကျင်းဖြစ်စဉ် ကိုလည်း ဖေဖော်ဝါရီ ၂၀ ရက် ညပိုင်းမှာ စစ်ကောင်စီအစိုးရသတင်းဌာနက လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထိခိုက် ဒဏ်ရာရခဲ့ပြီး ဆန္ဒပြသူတွေဘက်ကလည်း ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့သာ သတင်းထုတ်ပြန်ခဲ့ပါတယ်။